နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်လွှာ

Printer-friendly versionSend by email

နေပြည်တော်၊ ဧပြီ ၁၇

နိုင်ငံတော်သူ နိုင်ငံသားများ ခင်ဗျား၊

နှစ်သစ်မင်္ဂလာ အခါသမယမှာ နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူများ အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ပြီးခဲ့တဲ့ရက်များအတွင်း မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြပြီး ဒီကနေ့က စတင်ကာ မင်္ဂလာရှိသော နှစ်သစ်ကို ဝင်ရောက်ကြတော့ မှာဖြစ်ပါတယ်။

ထူးမြတ်တဲ့ဒီလိုနေ့ရက်မှာ နိုင်ငံသူ နိုင်ငံသားများကို ဦးစွာပထမပြောကြား လိုတာက တော့ ကျေးဇူးစကားပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထ ွေရွေးကောက်ပွဲကြီးမှာ ပြည်သူတစ်ရပ်လုံး တစ်ခဲနက် ထောက်ခံ ဆန္ဒမဲပေးခဲ့ကြတဲ့ အတွက် ကျွန်တော်တို့အစိုးရအဖွဲ့ အနေနဲ့ နိုင်ငံ့တာဝန်များကို လွှဲပြောင်း ရယူနိုင်ခဲ့တာဖြစ်ပြီး ကျွန်တော် ကိုယ်တိုင်လည်း အခုလို နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားပြောကြားခွင့်ရတာဖြစ်လို့ မဲဆန္ဒရှင် ပြည်သူလူထုကြီးကို အထူး လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။

နှစ်သစ်ကူးကာလမှာ နိုင်ငံသားအများပြည်သူ နှစ်ထောင်းအားရရှိစေဖို့ အတွက် နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊နိုင်ငံရေးနဲ့ ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြ ရတဲ့ ကျောင်းသား ကျောင်းသူများ လွတ်မြောက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေများမှာ ပြဋ္ဌာန်းထားရှိပြီးဖြစ်တဲ့ နည်းလမ်းများကို အသုံးပြုဆောင်ရွက် ကာ သူတို့အသီးသီးကျခံနေရတဲ့ ပြစ်ဒဏ်များ၊ စွဲဆိုထားတဲ့အမှုတွေက လွတ်မြောက်စေဖို့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။

ဒါဟာ လတ်တလောကိစ္စရပ်များအတွက် ဖြေရှင်းဆောင်ရွက်တာ ဖြစ်ပြီး ရှေ့အဖို့မှာလည်း နိုင်ငံရေးအပါအဝင် မိမိတို့ရဲ့ ယုံကြည်ချက်များအတွက် ဥပဒေစည်း မျဉ်းများနဲ့အညီ ကျင့်သုံး ဆောင်ရွက် ကြသူတို့ အကျဉ်းချခံရခြင်းဘေးက ကင်းဝေးစေဖို့ ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။

အခုဆိုရင် ဒီနှစ်သစ်နဲ့ နောင်လာမယ့်နှစ်များဟာ ကျွန်တော်တို့နိုင် ငံနဲ့ ပြည်သူများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာ ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုဆီသို့ တက်လှမ်း နိုင်စေဖို့ အခွင့်အလမ်းများစွာ သယ်ဆောင်လာမှာဖြစ်ကြောင်း အားလုံးက ယုံကြည်စွာဖြင့် မျှော်လင့် စောင့်စားလျက်ရှိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒါပေမယ့် ဒီအခွင့်အလမ်းတွေကို အထိရောက်ဆုံး အသုံးချနိုင်ဖို့နဲ့ တိုင်းပြည်အတွက် အကောင်းဆုံး အကျိုးရလဒ်တွေ ပေါ်ထွက်လာစေဖို့ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ မပြတ်သော သတိ၊ မလျှော့ သောလုံ့လ ဝီရိယနဲ့ ကြိုးပမ်းဆောင်ရွက်သွားကြရဦးမှာ ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ အောင်မြင်မှုရရှိစေဖို့အတွက် နိုင်ငံသူနိုင်ငံသားတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှု လည်း အထူးလိုအပ်ပါတယ်။

ဒါကြောင့်မို့ ကျွန်တော်တို့အစိုးရကတိုင်းပြည်အကျိုးအတွက်ရည်ရွယ် ချမှတ်ထားတဲ့ မူဝါဒများ ဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်မှုကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ပေါ်ပေါက်ရေးနဲ့ ပြည်သူ အများစုရဲ့ လူနေမှု ဘဝများ တိုးတက်မြင့်မားရေးတို့ကို အကောင်အထည်ဖော်ဆောင် ရွက်တဲ့နေရာမှာ ကျွန်တော်တို့ကို ရွေးချယ်ပြီး တာဝန်အပ်နှင်းခဲ့တဲ့ မဲဆန္ဒရှင်ပြည်သူများကလည်း မိမိတို့နေရာ ကဏ္ဍအသီးသီးက ပူးပေါင်း ဆောင်ရွက်ခြင်း၊ ကျွန်တော်တို့ရဲ့ချို့ယွင်းချက်များကို ဝေဖန်ထောက်ပြ ခြင်း၊ လုပ်ဆောင် သင့်တာတွေကို အကြံပြု လမ်းညွှန်ခြင်းစတဲ့ နည်းလမ်းတွေနဲ့ ဆက်လက် တက်ကြွစွာ ဝိုင်းဝန်း ပါဝင်ပေးကြဖို့ အလေးအနက်ပန်ကြားလိုပါတယ်။

နှစ်သစ်ကို ခွန်သစ်အားသစ် စိတ်စေတနာသစ်တွေနဲ့ ဖြတ်သန်းနိုင် ကြပါစေလို့ ဆန္ဒပြုပါတယ်။

ကျွန်တော်တို့ရဲ့ အစိုးရအဖွဲ့သစ်အနေနဲ့ နိုင်ငံတော်တာဝန်တွေကို စတင် ထမ်းဆောင်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရတစ်ဖွဲ့လုံးကို မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ပြည်သူလူထုတွေက သောင်းသောင်းဖြဖြ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး စတုဒိသာ ကျွေးမွေးခဲ့ကြတာ၊ လုပ်အား ဒါန ပြုကြတာတွေအတွက် အထူးပဲ ဝမ်းမြောက်ကျေးဇူးတင်ပြီး အသိအမှတ်ပြုပါတယ် ဆိုတာကို ပြောကြားလိုပါတယ်။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။