NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ တတိယအကြိမ်အစည်းအဝေး လေးရက်ကြာကျင်းပ

Printer-friendly versionSend by email

 

 

ချင်းမိုင် စက်တင်ဘာ ၁၁

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ တတိယအကြိမ် အစည်းအဝေး (3rd NCA-S EAO Summit) ကို စက်တင်ဘာ ၈ ရက်မှ ၁၁ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည်။

 

အဆိုပါ အစည်းအဝေးသို့ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁ဝဖွဲ့မှ ခေါင်းဆောင်များနှင့် သက်ဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ သည်။

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များတွေ့ဆုံပွဲ စတုတ္ထနေ့တွင် သဘာပတိများအဖြစ် စောမူတူးစေးဖိုး၊ ယွက်ဆစ်နှင့် ကျာခွန်ဆာတို့က ဆောင်ရွက်ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ကိစ္စရပ်များ တင်ပြခြင်း နှင့် ဆွေးနွေးခြင်း၊ NCA-S EAO ၏ လုပ်ငန်း လမ်းညွှန်ကိစ္စနှင့် NCA လက်မှတ် ရေးထိုးခြင်း မပြုရသေးသည့် မဟာမိတ်များ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးက “ပြီးခဲ့တဲ့အစည်းအဝေး သုံးရက်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အကြိတ်အနယ် ဆွေးနွေးခဲ့ကြတာကို ကျွန်တော့် အနေနဲ့ အများကြီး အားရမိတယ်။ သူ့အမြင်၊ ကိုယ့်အမြင် သဘောထားရပ်တည်ချက် မတူညီတာကို ဆွေးနွေးရင်း ဘုံဆုံးဖြတ်ချက်ထွက်လာအောင် ဆောင်ရွက်နိုင်ခဲ့တာကလည်း ကောင်းတဲ့လဏ္ခဏာလို့ ကျွန်တော် မြင်တယ်။ ဒီလိုမတူညီကွဲပြားမှုကို လက်တွေ့ကျကျ လက်ခံနိုင်ခြင်းက ညီညွတ်မှုဖြစ်စေတာဟာ ကျွန်တော်တို့ မူဖြစ်ပါတယ်။ ကျွန်တော်တို့ အချင်းချင်းကြားထဲမှာ ညီညွတ်နေမယ်ဆိုရင် ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ရေရှည်တည်မြဲခိုင်မာတဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို ရရှိအောင် ကြိုးပမ်းကြတဲ့နေရာမှာ အများကြီးလွယ်ကူသွားမှာ ဖြစ်ပါတယ်။

 

ကျွန်တော်တို့ဟာ ညှိနှိုင်းဆွေးနွေးတဲ့နေရာမှာ သဘောထားကြီးမှု၊ အမြင်ကျယ်မှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံတဲ့စိတ်ဓာတ် မွေးမြူကြဖို့လိုပါတယ်။ လက်ရှိမှာ stateholder အချင်းချင်း ကြားမှာ မတူညီတဲ့ အခြေခံနားလည်မှုနဲ့ နက်ရှိုင်းတဲ့ကွာဟမှု ရှိနေတယ်ဆိုတာလည်း သုံးရက်လုံးလုံး ဆွေးနွေးခဲ့ပါတယ်။ လက်ရှိအနေအထားမှာ နိုင်ငံရေးရပ်ဝန်းဆိုင်ရာ သဘောတူညီမှုမရှိလို့ နိုင်ငံရေးဆွေးနွေးတဲ့အခါ တုံ့ဆိုင်းတဲ့ အခက်အခဲကို တွေ့ရတယ်ဆိုတာ အားလုံးသိကြပြီလို့ ပြောချင် ပါတယ်။ ဒီလိုအရာတွေကို ဘယ်လိုအကောင်အထည်ဖော် သွားကြမယ်ဆိုတာကို အတူတကွ ကြိုးစားပြင်ဆင်ကြရင်း ဒီနေ့မှာ ဆက်လက်ဆွေးနွေးကြမယ့်အကြောင်းအရာကို သဘောထားကြီးကြီး အမြင် ကျယ်ကျယ်နဲ့ ဆက်လက်ဆွေးနွေးကြပါ” ဟု အစည်းအဝေး စတုတ္ထနေ့ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

 

လေးရက်ကြာကျင်းပခဲ့သည့် အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံတတိယအစည်းအဝေးနှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (Frame work for political Dialogue) ပြန်လည်သုံးသပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ ကိစ္စရပ်များ၊ အလွတ်သဘော ဆွေးနွေးမှုဆိုင်ရာကိစ္စရပ်များ အပါအဝင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ၏ ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေးအပြီး စောမူတူးစေးဖိုးက “NCA လမ်းကြောင်းမှာ ကျွန်တော်တို့ ၁၀ ဖွဲ့ ဖြစ်လာပါပြီ။ အခု Summit မှာ ရှေ့ကိုဘယ်လိုသွားကြမယ်။ သဘောထားတွေ ဘယ်လို ညှိကြမယ်ဆိုတာကို ဆုံးဖြတ်ချက် တွေ၊ သဘောထားတွေ၊ မှတ်တမ်းတွေ တစ်ဆင့်ပြီး တစ်ဆင့်ရတာကို တွေ့ရတဲ့အတွက် အများကြီး အားတက်မိပါတယ်။ ကျွန်တော်တို့ ၁၀ ဖွဲ့ က NCA လမ်းကြောင်းအတိုင်း ဥမကွဲသိုက်မပျက်၊ သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်နဲ့ ညီညွတ်မှုကို အခြေခံပြီး ရည်မှန်းထားတဲ့ ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားကြဖို့ ကျွန်တော်တောင်းဆိုပါတယ်။ ကျွန်တော်တို့ လူမျိုးစုတွေဟာ ဒီတိုင်းပြည်ကြီးက ခွဲထွက်ဖို့ သဘောထား၊ ဆန္ဒလုံးဝမရှိပါဘူး။ ပင်လုံစာချုပ်မှာ ဗိုလ်ချုပ်အောင်ဆန်းက ဗမာတွေနဲ့ ပေါင်းကြည့်ပါ။ ပေါင်းပြီး မကြိုက်ရင် ခွဲထွက်ပါလို့ ၁၉၄၇ ပင်လုံစာချုပ်မှာ ရေးဆွဲထားပေမယ့် ကျွန်တော်တို့က စစ်မှန်တဲ့ဖက်ဒရယ်ရဖို့ တောင်ကြီးမှာ ဆွေးနွေး ကြတယ်။ တောင်ကြီးဆွေးနွေးချက်ကို ဖတ်ကြည့်ပါ။ ပြည်ထောင်စုမပြိုကွဲရေး၊ ပြည်ထောင်စုစစ်စစ် ဖြစ်လာရေးကိုပဲ မျှော်မှန်းပြီး လှုပ်ရှားခဲ့ ပါတယ်။ အဲဒါကျွန်တော်တို့ လူမျိုးစုတွေရဲ့ သဘောထားပါပဲ။ ဒီနေ့အထိလည်း ဒါပါပဲ” ဟု နိဂုံးချုပ် စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

စက်တင်ဘာ ၈ ရက်နေ့မှ စတင်ကာ လေးရက်တာ ကျင်းပခဲ့သည့် NCA လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တတိယအကြိမ် ခေါင်းဆောင် များ တွေ့ဆုံသည့် အစည်းအဝေးသို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့မှ ကိုယ်စားလှယ် ၄၉ ဦး တက်ရောက်ခဲ့ကြသည်။

 

ယနေ့အစည်းအဝေးအပြီးတွင် အချက်ငါးချက်ပါဝင်သော ထုတ်ပြန်ကြေညာချက် တစ်စောင် ကို ထုတ်ပြန်နိုင်ခဲ့သည်။

 

ထုတ်ပြန်ကြေညာချက်တွင် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွင် ဖြစ်ပေါ်နေသော တစ်ဆို့နေမှုများကို အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ သက်ဆိုင်ရာ ခေါင်းဆောင်များအကြား အမြန်ဆုံး တွေ့ဆုံ၍ နိုင်ငံရေးသဘောတူညီချက်တစ်ခု ချမှတ်ရန် လိုအပ်နေကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ခေါင်းဆောင်အဖြစ် စောမူတူးစေးဖိုးကို ရွေးချယ် တင်မြှောက်၍ ဒုတိယခေါင်းဆောင်နှင့်အဖွဲ့ဝင်များကို ရွေးချယ်ခဲ့ကြောင်း၊ မကြာမီက NCA လက်မှတ်ထိုးထားသည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်း အရုံး(LDU) တို့သည် ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖက်များ (PPST+ 2) အဖြစ် ပါဝင်မည် ဖြစ်ကြောင်း။

 

အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံ၍ အနာဂတ်မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ရေးအတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ဘုံသဘော တူညီချက်နှင့် ရည်မှန်းချက်များကို NCA လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြားသော်လည်းကောင်း၊ NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအကြားတွင်သော်လည်းကောင်း ညှိနှိုင်းအဖြေရှာမည်ဖြစ်ပြီး လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်နိုင် သော ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် PPST မှ ပြင်ဆင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါရှိသည်။

 

ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှု ပိုမိုအားကောင်းလာနိုင်စေရန် အတွက် ၂၀၁၈ ခုနှစ် ဇူလိုင် ၂၃ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NCA လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များအကြား ဆွေးနွေးတင်ပြခဲ့သည့် (၁) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံအစည်းအဝေးများ ဆက်လက်ကျင်းပနိုင်ရေး၊ (၂) နိုင်ငံရေးဆွေးနွေးမှုတွင် ပြည်ထောင်စုမှ ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသားတန်းတူရေး၊ လူနည်းစု အခွင့်အရေး၊ ပြည်နယ်စုဖွဲ့မှုစသည့် ဖက်ဒရယ်မူ ချမှတ်နိုင်ရေးဆိုင်ရာကိစ္စနှင့် ပြည်ထောင်စု တပ်မတော်ဆိုင်ရာကိစ္စ၊ (၃) ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ရှင်းလင်း လွယ်ကူစွာ ချမှတ်နိုင်မည့် နိုင်ငံရေးဆွေးနွေးမှုပုံစံများ ရှာဖွေရေးကိစ္စ၊ (၄) အလုပ်အဖွဲ့များ၊ ကော်မတီများနှင့် ဆုံးဖြတ်ရန် မပြီးပြတ်သည့်ကိစ္စရပ်များကို သက်ဆိုင်ရာ ဆုံးဖြတ်နိုင်သည့် ခေါင်းဆောင်များအကြား ဆုံးဖြတ်ပေးနိုင်ရေးကိစ္စ၊ (၅) လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကျန်ရှိနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိစ္စတို့နှင့်အတူ အစုအဖွဲ့များ အကြားရှိနေသော နက်ရှိုင်းသည့် ကွာဟချက်များနှင့် ပတ်သက်၍ PPST+ 2 မှ အစိုးရ၊ တပ်မတော်ခေါင်းဆောင်များနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်မည်ဟူသည့် အချက်များ ပါရှိသည်။