ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ပြည်တွင်း၊ ပြည်ပ ဧည့်အဖွဲ့များအား သီးခြားစီလက်ခံတွေ့ဆုံ

Printer-friendly versionSend by email

ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ပြည်တွင်း၊ ပြည်ပ ဧည့်အဖွဲ့များအား သီးခြားစီလက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၁၂

ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာစွန်ကော့ရှန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ခပ်ပလန် (NSCN-K) မှ နာဂငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးအန့်ကန့်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ဧည့်ခန်းမ၌ သီးခြားစီတွေ့ဆုံသည်။

ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌသည် မစ္စတာ စွန်ကော့ရှန်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နာဂငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးအန့်ကန့် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့နှင့် တွေ့ဆုံစဉ် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသည်။

ထို့အတူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲများသို့ ငြိမ်းချမ်းရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ အဖွဲ့ဝင် ဦးအောင်စိုး၊အကြံပေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ဒေါက်တာမင်းဇော်ဦး၊ အထောက်အကူပြုအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။