ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှ စကားသံများ

Printer-friendly versionSend by email

နေပြည်တော် ဇူလိုင် ၁၂

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ဒုတိယ မြောက်နေ့တွင် အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ နိုင်ငံရေး ပါတီများ အစုအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအစုအဖွဲ့ဟူ၍ အစုအဖွဲ့ငါးခုခွဲကာ ဆွေးနွေးခဲ့ကြသည်။ အဆိုပါ အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။

 

စိုင်းကျော်ညွန့်(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့)

ဒီမိုကရေစီရဲ့ ယဉ်ကျေးမှုအရ ကိုယ့်ရဲ့ရပ်တည်ချက်ကို ဆွေးနွေးခွင့်ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဆွေးနွေးဆွေးနွေး ညီလာခံကသတ်မှတ်ထားတဲ့မူအတိုင်း၊ ဘောင်အတိုင်း ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ ညီလာခံကနေ ဆွေးနွေးသဘောတူတဲ့ အချက်အလက် နည်းခြင်း၊ များခြင်းက အရေးမကြီးပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး စဉ်ဆက်မပြတ် ရှိနေပါတယ်။ ဖြစ်ပေါ်တိုးတက်မှုမှာတော့ နည်းတာများတာ၊ နှေးတာ မြန်တာတော့ ရှိပါတယ်။ ဒီအပေါ်မှာလည်း ပြည်သူအားလုံးက ဝိုင်းဝန်းအားပေးကြဖို့ ပြောချင်ပါတယ်။

 

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း

(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့)

ကျွန်တော်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှာ ပါပါတယ်။ ဒီအစုအဖွဲ့မှာ ကဏ္ဍအသီးသီး ရဲ့တင်ပြချက်ကို ဆွေးနွေးကြတာဖြစ်ပါတယ်။ အခုလောလောဆယ်တော့ နိုင်ငံရေးကဏ္ဍပဲ ဆွေးနွေးနေပါ သေးတယ်။ နိုင်ငံရေးကဏ္ဍမှာလည်း လေးချက် လောက်ပဲရှိ ပါတယ်။ အဲဒီလေးချက်ကိုပဲ ဆွေးနွေးကြတယ်။ အကြံတွေ အများကြီးပေးကြတယ်။ အကြံပေးချက်တွေအားလုံးကို နားထောင်ကြည့်တဲ့အခါ အများစုက လုပ်ငန်းကော်မတီနဲ့ UPDJC မှာ ဆွေးနွေးပြီးတော့ သဘောထားမကျနိုင်တဲ့ အချက်တွေ ပြန်ပြီး ဆွေးနွေး ကြတာကို တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြန်ရှင်းပြဖို့ လိုတာပေါ့။ ဘယ်လိုပြန်ရှင်း ပြရမလဲဆိုတော့ လူကြီးမင်းတို့ရဲ့ တင်ပြချက်တွေဟာ နဂိုစာသားထဲမှာ ထည့်ထားပြီးပြီ၊ အဆင်မပြေ သေးလို့ နောင်တွင်ဆက်လက်ဆွေးနွေးရန်ဆိုပြီး ထားခဲ့တာပါလို့ ရှင်းပြရ တာပေါ့။ ဥပမာ လုပ်ငန်း ကော်မတီကနေ တင်တဲ့အထဲမှာ ခုနစ်ချက်၊ ရှစ်ချက် ောက် ရှိတယ်။ အခုသဘောတူနိုင်တာ လေးချက်လောက်ပဲ ရှိတယ်။ ကျန်တဲ့အချက်တွေကိုလည်း ပိတ်ပင်ထားတာမဟုတ်ဘဲ နောင်တွင် ဆက်လက် ဆွေးနွေးဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။

 

ဒေါက်တာမောင်သင်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) (ဗဟိုအလုပ်အမှုဆောင်)

ဒီနေ့နံနက်ပိုင်း နိုင်ငံရေးပါတီများ အစုအဖွဲ့အလိုက် ဆွေးနွေးပွဲမှာတော့ ကျား၊ မ တန်းတူ အခွင့်အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။ ငြိမ်းချမ်းရေးမူဝါဒတွေ ပြီး လို့ရှိရင် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြမယ်။ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြရင် ကျား၊ မ တန်းတူကဏ္ဍလေး တွေကလည်း အထိုက်အလျောက်ပါလာဖို့ ရည်ရွယ်ထားတာပါ။ အမျိုးသမီးတွေ ဘယ်သို့သော အကြောင်းပြချက်နဲ့မှ အနှိမ်မခံရအောင်လို့ပါ။ သို့သော်လည်းပဲ တကယ်ဆွေးနွေးနေတာကို ပြန်ကြည့် တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ နိုင်ငံသားများရဲ့ အခန်းကဏ္ဍ ပုဒ်မ ၃၄၈ မှာ ပါပြီးသားပါ။ ဆင်းရဲ၊ ချမ်းသာ၊ ရာထူးဌာနန္တရ၊ ကိုးကွယ်သည့်ဘာသာ၊ အမျိုးသား အမျိုးသမီး အကြောင်းပြု၍ ခွဲခြားခြင်းမရှိစေရလို့ ပါပါတယ်။

နိုင်ငံရေးသဘောအရ ဆွေးနွေးကြမယ်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်တဲ့ အခါမှာ တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ဆိုင်တဲ့ နောက်ဆက်တွဲ (ဂ)မှာ ရေးဆွဲရမယ့် ဥပဒေတွေ ပြဋ္ဌာန်းပြီးလို့ရှိရင် စီးပွားရေးဆိုင်ရာ ခွဲဝေမှုတွေရော၊ သယံဇာတခွဲဝေမှုတွေရော ဒါတွေအားလုံးက သူ့ဘာသာ သူပါလာ ပြီးသား။ အားနည်းချက်တစ်ခုလေးပဲမြင်တယ်။ တကယ်တမ်းကျတော့ သူတို့တွေရဲ့ ဝန်ကြီးချုပ်ကို သူတို့ကပဲ ရွေးချယ်ရမယ်။ အခုက သမ္မတ ခန့်အပ်တာလုပ်တယ်။ အဲဒါကတော့ ဖက်ဒရယ်လစ်ဇင်မှာ အားနည်းချက်လို့ မြင်တယ်။ ဆွေးနွေးချင်း ဆွေးနွေးရင် အဲဒီလိုဟာမျိုးတွေ ဆွေးနွေးရမှာပါ။ ကျန်တာက ပြဋ္ဌာန်းရမယ့် ဥပဒေတွေ အကုန်ထွက်လာလို့ရှိရင် ဖက်ဒရယ်လစ်ဇင်ဆိုတာ ပုံပေါ်ပြီးသားပါ။

 

ဦးရည်မွန် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပုဗ္ဗသီရိမဲဆန္ဒနယ်)

(လွှတ်တော်အစုအဖွဲ့)

ကျွန်တော်က လုံခြုံရေးကဏ္ဍလုပ်ငန်းကော်မတီမှာ အထောက်အကူပြုအနေနဲ့ ပါဝင်ဆွေးနွေး နေပါတယ်။ အခုညီလာခံမှာလည်း လွှတ်တော်ထဲက ကိုယ်စားလှယ်ထဲက ညီလာခံ ကိုယ်စားလှယ်အနေနဲ့ရော အထောက်အကူပြုအဖွဲ့ဝင်အနေနဲ့ပါ တက်ရောက်နေတာပါ။ ဒီနေ့အဓိကဆွေးနွေးမှာက ကဏ္ဍငါးရပ် ရှိတဲ့ထဲက ကဏ္ဍလေးရပ်မှာ စုစုပေါင်းအဆိုပြုချက် ၁၄ ခု ရှိပါတယ်။ ဒါတွေကို ကဏ္ဍအလိုက် အဆိုပြု သဘောတူညီချက်တွေကို ဘယ်နှချက် ရထားတယ်၊ ဘယ်လိုရထားတယ် စတာတွေကို ကိုယ့်အစုအဖွဲ့ ထဲမှာ ပြန်လည် ရှင်းလင်းတဲ့ အစီအစဉ်တွေ လုပ်နေကြတာပါ။ ဒီမှာက အသစ်ဆွေးနွေးလို့မရသေးတဲ့ အတွက် UPDJC ကနေ ဆုံးဖြတ်သဘောတူထားတဲ့ အဆိုပြုသဘောတူညီချက် ၁၄ ရပ်အပေါ်မှာပဲ ဆွေးနွေး ရမှာပါ။

 

ဦးအောင်လွင်ဦး (ဒုတိယညွှန်ကြားရေးမှူး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး) (အစိုးရအစုအဖွဲ့)

ပြီးခဲ့တဲ့ လုပ်ငန်းကော်မတီအစည်းအဝေး နှစ်ကြိမ်ကျင်းပပြီးတဲ့အခါမှာ နိုင်ငံရေးပါတီတွေ၊ EAO တွေ၊ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် အစုအဖွဲ့ ငါးခုက တင်ပြလာတာတွေကို စုစည်းတယ်။ စုစည်းလို့ရတဲ့ အပေါ်မှာ လက်ခံနိုင်တဲ့အချက်တွေကို ညှိနှိုင်းပြီး UPDJC ကိုတင်တယ်။ UPDJC ကနေ ဆုံးဖြတ်လိုက်တဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့သဘောတူညီမှု လေးချက်ကို ညီလာခံမှာတင်ပြီး အကျေအလည် ဆွေးနွေးကြ မှာပါ။ ဒီလေးချက်နဲ့ ပတ်သက်လို့လည်း အရင်မှာ လုပ်ငန်းကော်မတီအစည်းအဝေးတွေ အကျေအလည် ဆွေးနွေးထားပြီးဖြစ်တဲ့ အတွက် လာမယ့် ညီလာခံပြီးလို့ချုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး စာချုပ်ထဲမှာ ပါအောင် ဆွေးနွေးသွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အစိုးရရဲ့ ရပ်တည်ထားတဲ့ NCA စာချုပ်နဲ့ (၂၁) ရာစု ပင်လုံရဲ့ ရည်ရွယ်ချက်တွေကို အောင်အောင်မြင်မြင် ဖြစ်သွားအောင် ဆောင်ရွက်သွားကြမှာပါ။ မြောက်ပိုင်းအဖွဲ့တွေ ရောက်လာတယ်။ ကျွန်တော်တို့ ပြောဆိုဆွေးနွေးတာတွေကို ကြည့်တယ်။ ကျွန်တော်တို့က ဘာမှကို ပိတ်ဆို့တားဆီးတာမရှိဘူး။ သူတို့လည်း ပြောဆိုပါဝင်ခွင့်ရှိပါတယ်။ ညီလာခံမှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ပွင့်လင်းမြင်သာမှုကို မြင်ရတဲ့အခါ ကျွန်တော်တို့အပေါ် ပိုပြီး ယုံကြည်မှု ရှိလာပြီးတော့ သူတို့လည်း လက်မှတ်ရေးထိုးလာနိုင်ပါတယ်။

 

ဒေါက်တာစန်းစန်းအေး

(ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန)

ဒီညီလာခံမတိုင်မီမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း၊ နိုင်ငံရေး ပါတီအစုအဖွဲ့တွေ စုပေါင်းပြီး ညှိနှိုင်းအစည်းအဝေးတွေ လုပ်ခဲ့ပါတယ်။ အဲဒီမှာ လူမှုရေးကဏ္ဍနဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက်တွေထုတ်ပြီး ဆွေးနွေးထားတာရှိပါတယ်။ အခု (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးမှာ အဆိုတွေ တင်သွင်းမယ်ဆိုတော့ အများကြီး မျှော်လင့်ပါတယ်။ လူမှုဖွံ့ဖြိုး တိုးတက်ရေးအတွက် ငြိမ်းချမ်းရေးက မရှိမဖြစ် လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လူမှုဘ၀ ဖွံ့ဖြိုးရေး အနေနဲ့ ပြည်နယ်ဖြစ်ဖြစ်၊ ပြည်မပဲဖြစ်ဖြစ်၊ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာပဲ ဖြစ်ဖြစ် ကလေးသူငယ်တွေ အားလုံးက ကျောင်းတက်ရမယ်ဆိုတဲ့ အခွင့်အရေးတွေ ရရမယ်။ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေ အားလုံးအပြည့်အစုံ ရရမယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ အမျိုးသမီးအခွင့်အရေး အပြည့်အဝ ရရမယ်။ ဒါတွေရဖို့ဆိုတာက ငြိမ်းချမ်းရေးရဖို့လိုပါတယ်။