တိုင်းရင်းသားလက်နက်ကိုင် ခုနှစ်ဖွဲ့အား NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပုံစံနှစ်မျိုးဖြင့် ချဉ်းကပ်တွေ့ဆုံမည်

Printer-friendly versionSend by email

တိုင်းရင်းသားလက်နက်ကိုင် ခုနှစ်ဖွဲ့အား NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပုံစံနှစ်မျိုးဖြင့် ချဉ်းကပ်တွေ့ဆုံမည်

နေပြည်တော် ဇူလိုင် ၁၂

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံတတိယအစည်းအဝေးနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ မြောက်ပိုင်းမဟာမိတ်ခုနစ်ဖွဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်ဖွဲ့ခွဲ၍တွေ့ဆုံခဲ့သည့် အကြောင်းအရာများ၊ လက်မှတ်ရေးထိုးခြင်းမပြုသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များ NCAလက်မှတ်ရေးထိုးနိုင်ရေး၊ တပ်မတော်နှင့် RCSS တို့ဖြစ်ပွားလျက်ရှိသည့် ထိတွေ့မှုများနှင့် ပတ်သက်သည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ယနေ့ ညနေ ၅ နာရီတွင်မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ UPDJC  အတွင်းရေးမှူး များက သတင်းမီဒီယာများ နှင့် တွေ့ဆုံရှင်းလင်းသည်။

ညီလာခံဒုတိယနေ့တွင် အစိုးရအစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက် ကိုင် အစုအဖွဲ့၊နိုင်ငံရေးပါတီအစုအဖွဲ့နှင့် လွှတ်တော်အစုအဖွဲ့တို့ကနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့်သဘာ၀ပတ်ဝန်းကျင်ကဏ္ဍများအတွက် သီးခြားစီဆွေးနွေးခဲ့ကြပြီး NCAစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက်ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌက ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ် နှင့်အလွတ်သဘောဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ညနေ ၃ နာရီခွဲနှင့် ၄ နာရီတို့တွင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့တို့အား နှစ်ဖွဲ့ခွဲ၍ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ဦးဇော်ဌေးက “၃ နာရီခွဲမှာ UWSA ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း၊ SSPP က နာယက ဦးဆေးထင်၊မိုင်းလားအထူး(၄) NDAA က ဒုတိယဥက္ကဋ္ဌ ဦးစံပေ့၊KIO ဒုတိယဥက္ကဋ္ဌ(၁) အက်စ်ဂွမ်မော်တို့နဲ့ တွေ့တယ်၊၄ နာရီခွဲမှာတော့ TNLA က တားခူးလန်း၊ MNDAAက ဦးရန်ဝင်ကျုံးနဲ့ AA က ဦးညိုထွန်းအောင်တို့နဲ့ တွေ့ပါတယ်။ အဓိကအားဖြင့် ဆွေးနွေးတာက NCA ရေးထိုးပြီးပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံမှာပါဝင်လာရေးကို ဆွေးနွေးပါတယ်”ဟု ပြောသည်။

AA၊ MNDAA၊ TNLA သုံးဖွဲ့သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(NCCT)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ဆွေးနွေးစဉ် က မြောက်ပိုင်းလောက်ကိုင်တိုက်ပွဲများကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကျန်ရှိနေခဲ့သူများဖြစ်သည်။

“သူတို့က NCCT နဲ့ NCA ဆွေးနွေးစဉ်ကမြောက်ပိုင်းလောက်ကိုင်မှာ တိုက်ပွဲတွေဖြစ်လာပြီး ကျန်ခဲ့တဲ့သူတွေဖြစ်တယ်။ NLD အစိုးရတက်လာချိန်မှာ AA၊MNDAA နဲ့ TNLA ကို ဆွေးနွေး တယ်။ အချက်နှစ်ချက်ကြောင့် ကျန်ခဲ့တယ်။ တစ်အချက်က ကြေညာချက်ထုတ်ရမယ်။ နှစ်အချက်က Under Ground ကနေထွက်ရမယ်ဆိုတဲ့ အရာပေါ့။ အဲဒီနှစ်ခုသာရရင် NCA ထိုးဖို့ဆက် ဆွေးနွေးမယ်ဆိုပြီး ပြောခဲ့တယ်။ အခုတော့ဒီအတိုင်းမဟုတ်တော့ဘူး။ ချဉ်းကပ်မှုအသစ်နဲ့သွားမယ်။ အခုလည်းသူတို့က NCA ထိုးချင်တယ်” ဟု ဦးဇော်ဌေးက ပြောသည်။

AA၊ MNDAA နှင့် TNLA သုံးဖွဲ့ NCA သို့ပါဝင်လာနိုင်ရေးအတွက် ညီလာခံ တတိယအစည်းအဝေးအပြီးတွင် ညှိနှိုင်းသွားမည်ဖြစ်သော်လည်း KIA၊ UWSA၊ NDAA၊ SSPP တို့နှင့် တန်းတူဆွေးနွေးမည်မဟုတ်ဘဲပုံစံတစ်မျိုးဖြင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့က ဇူလိုင် ၁၁ ရက်က နှစ်ဖွဲ့ခွဲ၍ တွေ့ဆုံခဲ့သည်။

“AA၊ MNDAA နှင့် TNLA သုံးဖွဲ့ကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တွေ့တယ်။ဘာကြောင့်လဲဆိုတော့ အဲဒီသုံးဖွဲ့က တိုက်ပွဲတွေဖြစ်နေလို့၊နောက် သူတို့က နှစ်ဖက်သဘောတူ စာချုပ် ချုပ်တာမျိုးရှိမထားဘူး။ KIA၊ SSPP၊ UWSA၊ NDAA ကနှစ်ဖက်သဘောတူစာချုပ် ချုပ်တာမျိုးရှိထားတယ်။ အဲဒီလိုအနေအထားကွာခြားတော့ ပဋိပက္ခလျှော့ချရေး NCA ကို ဘယ်လိုသွားမလဲ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဓိကက NCA ထိုးဖို့ပဲ ဆွေးနွေးသွားတယ်” ဟု ဦးဇော်ဌေးထံမှ သိရသည်။

အစိုးရအနေဖြင့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့အား ပုံစံနှစ်မျိုးဖြင့်ချဉ်းကပ်မည်ဖြစ်ပြီး ညီလာခံတက်ရောက်ရန်ဖိတ်ခေါ်ခြင်းသည် တပ်မတော်နှင့် တိုက်ပွဲများ လျော့ကျရေး၊ အစိုးရနှင့် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ရည်ရွယ်ကြောင်းသိရသည်။

ဦးဇော်ဌေးက “ညီလာခံပြီးရင် တိုက်ပွဲလျော့ကျအောင်နဲ့ နှစ်ဖက်ယုံကြည်ရအောင် တတိယနဲ့ စတုတ္ထညီလာခံမတိုင်မီ ကြားထဲမှာ NCA လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေ တိုးလာမယ်လို့ မျှော်လင့်ထားတယ်”ဟုပြောသည်။

RCSS နှင့် တပ်မတော် ထိတွေ့မှုများ ဖြစ်ပွားနေခြင်းသည် နှစ်ဖက်သဘောတူစာချုပ်များ ချုပ်ဆိုထားသော်လည်း နယ်မြေသတ်မှတ်မှုများကျော်လွန်လာ၍ ထိတွေ့မှုဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏ အပစ်ရပ်နယ်မြေသတ်မှတ်မှုများကို တိတိကျကျဆောင်ရွက်ပြီးပါက ထိတွေ့မှုများရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲမှ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ ၂၀၁၉-၂၀၂၀ အချိန်သတ်မှတ်၍ ငြိမ်းချမ်းရေးရည်မှန်းချက်ထားခြင်းသည် နှစ်ရှည်လများအချိန်မဆွဲရန်၊ အခြားအကျိုး စီးပွားအမျိုးမျိုးနှင့်ငြိမ်းချမ်းရေးအပေါ် စိတ်အားထက်သန်မှုလျော့ကျခြင်းမျိုးဖြစ်မလာနိုင်စေရန် ရည်ရွယ်ကြောင်း သိရသည်။

“အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ၂၀၁၉ သတ်မှတ်ချက်ကိုမီချင်တယ်ဆိုရင် အစိုးရတစ်ဖက်တည်းက ဆောင်ရွက်လို့မရဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဘက်က မလုပ်ချင်ဘူးဆိုရင် အကြောင်းအမျိုးမျိုးပြပြီး အဆင်မပြေတာတွေဖြစ်လာနိုင်တယ်။ နိုင်ငံရေးပါတီလည်း ဒါကိုမဖြစ်ချင်ရင် အကြောင်းအမျိုးမျိုးပြလို့ရတယ်။ ဒါကြောင့်ရည်မှန်းချက်တွေအပေါ်သန္နိဋ္ဌာန်နဲ့လုပ်ဖို့၊ စိုးရိမ်မှုမရှိဖို့ပြောတာပါ” ဟု ဦးဇော်ဌေးက ဆိုသည်။

ယနေ့ပြုလုပ်သည့် ရှင်းလင်းပွဲတွင် UPDJC အတွင်းရေးမှူးများဖြစ်ကြသည့်  ဦးဇော်ဌေး ၊ ဦးလှမောင်ရွှေ၊ရဲဘော်မျိုးဝင်းနှင့် စိုင်းကျော်ညွန့်တို့က သတင်းမီဒီယာများအား တွေ့ဆုံဖြေကြားခဲ့ခြင်း ဖြစ်သည်။