JMC-U (၁၇)ကြိမ်မြောက် အစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ

Printer-friendly versionSend by email

 

 

JMC-U (၁၇)ကြိမ်မြောက် အစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ

ရန်ကုန် ဇူလိုင် ၄

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)၏ (၁၇) ကြိမ် မြောက် အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန(NRPC)ရန်ကုန်ရုံး၌ ဆက်လက်ကျင်းပသည်။

 

အစည်းအဝေးသို့ JMC–U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တပ်မတော်သား ကိုယ်စားလှယ်များ ဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ဗိုလ်မှူးချုပ်ကျော်ဇံမြင့် (ငြိမ်း)၊ JMC–U ဒုတိယဥက္ကဋ္ဌ (၁) စောအိုင်းဇက်ဖိုးနှင့် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှ ခေါင်းဆောင်များ၊ JMC–U ဒုတိယဥက္ကဋ္ဌ(၂) စိုင်းမျိုးသန့်နှင့် အရပ်သား ကိုယ်စားလှယ်များ၊ JMC-S နှင့် JMC-L တို့မှ ကော်မတီ ဝင်များ၊ နည်းပညာအထောက်အကူပြုရုံး အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အဆိုပါအစည်းအဝေးကို ဇူလိုင် ၃ ရက်မှ စတင် ကျင်းပလျက်ရှိပြီး အစည်းအဝေးတွင် JMC-U ၏ (၁၆)ကြိမ်မြောက်နှင့် (၁၇) ကြိမ်မြောက် အစည်းအဝေးကြား ကာလအတွင်း ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC-S) နှင့် ဒေသဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-L) အဆင့်ဆင့်တို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ် (NCA) တွင် ဝိဝါဒကွဲပြားနေသော ဝေါဟာရအချို့ ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို နှစ်ဖက်အပြန်အလှန် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

 

အလားတူ JMC ၏ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေး ရန်ပုံငွေ အသုံးစရိတ်ရရှိထားမှုနှင့် ဆောင်ရွက်မှုအခြေ အနေများ၊ ဒေသခံ အရပ်သားစောင့်ကြည့်သူ (LCM) နှင့်ပတ်သက်၍ အကောင်အထည်ဖော်မှု အခြေအနေများ၊ တရုတ်နိုင်ငံမှ Volvo မော်တော်ယာဉ် ၁ဝ စီး လှူဒါန်းခြင်းနှင့် ခွဲဝေသုံးစွဲမှု အခြေအနေ များနှင့် ကုလသမဂ္ဂမှ နည်းပညာဆိုင်ရာလိုအပ်ချက်များ ဆန်းစစ်ခြင်း (Technical Need Assessment - TNA) ကိစ္စများ ဆွေးနွေးခြင်း၊ နော်ဝေ၊ နီပေါ၊ တရုတ်နိုင်ငံများသို့ ငြိမ်းချမ်းရေးဆိုင်ရာ လေ့လာရေးခရီးစဉ်ကိစ္စရပ်များ ဆွေးနွေးခြင်း၊ စတုတ္ထအကြိမ် JMC အဆင့်ဆင့်တွင် ပါဝင်သော အရပ်သား ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို ဖာပွန်မြို့၌ ကျင်းပနိုင် ရေးကိစ္စများ၊JMC မှ ချမှတ်ထားသော လုပ်ထုံးလုပ်နည်း (SOP) နှင့် လုပ်ငန်းလမ်းညွှန် (TOR) အကောင်အထည်ဖော်မှုများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။