ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အစည်းအဝေး ရန်ကုန်မြို့၌ ကျင်းပ

Printer-friendly versionSend by email

ရန်ကုန် မေ ၁၀

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၆)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီကရန်ကုန်မြို့ ရွှေလီ လမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရန်ကုန်ရုံး ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ JMC - U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တပ်မတော်သား ကိုယ်စားလှယ် များဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုး၊ JMC-U ဒုတိယဥက္ကဋ္ဌ (၁) စောအိုင်းဇက်ဖိုး နှင့် တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့မှ ခေါင်းဆောင်များ၊ JMC-U ဒုတိယ ဥက္ကဋ္ဌ(၂) ဦးပြည့်စုံနှင့် အရပ်သား ကိုယ်စားလှယ်များ၊ နည်းပညာအထောက် အကူပြုရုံးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် အစည်းအဝေး၌ ကြိုတင်ချမှတ်ထားသည့် အစီအစဉ်များ ရှိသကဲ့သို့ ယမန်နေ့က ကျင်းပခဲ့သည့် မျက်နှာစုံညီ အစည်းအဝေးမှ ထွက်ပေါ်လာသည့် ဆက်လက် ဆွေးနွေးရမည့် မူဝါဒများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားရန် လိုအပ်ကြောင်း၊ အဓိကအားဖြင့် JMC လုပ်ငန်းများ အကောင်အထည်ဖော်သည့် နေရာတွင် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မိမိအဖွဲ့အစည်းအတွက် ညှိနှိုင်းဆွေးနွေးရမည့် လုပ်ငန်း များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားရန်မိမိအနေဖြင့် တင်ပြလိုကြောင်း၊ JMC လုပ်ငန်း များ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် JMC အဆင့်ဆင့်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ အစိုးရ၊ တပ်မတော်၊ အများယုံကြည် လေးစားရသည့် အရပ်သား ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ JMC အဆင့်ဆင့် လက်နက်ကိုင်ပဋိပက္ခများ ရပ်စဲနိုင်ရန်အတွက် ကော်မတီဝင်များ ဖွဲ့စည်းသည့်အခါတွင်လည်း တင်ပြခဲ့သည့်အတိုင်း ဖွဲ့စည်းခဲ့သလို ပဋိပက္ခ ဖြေရှင်းသည့် အပေါ်မှာလည်း အားလုံးသဘောတူညီမှု အနေအထားဖြင့် ညှိနှိုင်းဖြေရှင်းခဲ့ရ ခြင်းဖြစ်ကြောင်း။

 

ယင်းကိစ္စများကို ဆောင်ရွက်သည့်အခါတွင် ရည်မှန်းချက်တူညီရန်အတွက် ထာဝရ ငြိမ်းချမ်းရေးရရှိမည့် ငြိမ်းချမ်းရေးလမ်းကြောင်းများကို အတူလက်တွဲ လျှောက်လှမ်း သွားရန် လိုအပ်ကြောင်း၊ လက်ရှိအနေ အထားတွင် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများကြားတွင် ပဋိပက္ခဖြစ်စဉ်များ အနည်းငယ် ရှိနေသည်ကို တွေ့ရကြောင်း၊ ကြီးမားသည့် ဖြစ်စဉ်တော့ မဟုတ်ကြောင်း၊ ထိုသို့ ပေါ်ပေါက်ရသည့် အခြေခံအကြောင်း အရင်းများကို ပြန်လှန်ဆန်းစစ်ကြည့်သည့်အခါ ကော်မတီဝင်အချင်းချင်းကြားတွင် တွေ့ဆုံ ညှိနှိုင်း အဖြေရှာမှုများ အားနည်းနေသည်ကို တွေ့ရှိရကြောင်း၊ အချို့ကိစ္စများတွင် ယခင် ဖြစ်ခဲ့သည်များကို နောက်ထပ်ဖြစ်လာနိုင်မလားဆိုသည့် စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို တွေ့ရကြောင်း၊ ယင်းအပေါ်တွင် မူတည်ပြီး ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု များနှင့် ခင်မင်ရင်းနှီးစွာဖြင့် ယုံကြည်မှု တည်ဆောက်သွားရန် လိုအပ်ကြောင်း။

 

သို့မှသာ အေးချမ်းတည်ငြိမ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အပြန်အလှန် ယုံကြည်ကိုးစားမှုနှင့်အတူ ငြိမ်းချမ်းရေး ကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ ယနေ့ အစည်းအဝေးတွင် အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးမှ ရရှိလာသည့် ရလဒ်များ၊ စုံညီ အစည်းအဝေးမှ ချမှတ်ပေးသည့် မူဝါဒများ ၊ JMC-U မှ ချမှတ်ပေးသည့် မူဝါဒများ၊ ဆောင်ရွက်ရမည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အမှန်တကယ် ငြိမ်းချမ်းရေးရရှိအောင် JMC အဆင့်ဆင့်မှ ကော်မတီဝင်များ အားလုံး စိတ်ရှည်သည်းခံပြီး ဘက်လိုက်မှုကင်းရန် လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

 

ထို့နောက် JMC-U ဒုတိယဥက္ကဋ္ဌ (၁) စောအိုင်းဇက်ဖိုးက နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ယခုမိမိတို့ NCA စာချုပ်လက်မှတ်ရေးထိုးခဲ့သည်မှာ နှစ်နှစ်ခွဲကျော်ကြာပြီ ဖြစ်သော်လည်း နှစ်ဖက်တပ်များအကြား သံသယစိတ်၊ စိုးရိမ်စိတ်များရှိနေသေးသည် ဆိုသည်ကို အားလုံးလက်ခံနိုင်မှာ ဖြစ်ကြောင်း၊ ထို့ကြောင့် JMC အစည်းအဝေးတိုင်းတွင် တစ်ဖက်နှင့် တစ်ဖက်အကြား ယုံကြည်မှုတည်ဆောက်ရန် JMC ဥက္ကဋ္ဌကြီးနှင့် မိမိတို့ အမြဲတမ်းတိုက်တွန်းပြောကြားခဲ့ကြောင်း၊ JMC ၏ အစီအစဉ်များတွင် နှစ်ဖက် အောက်ခြေ တပ်များအတွင်း NCA စာချုပ်နှင့်တကွ JMC ၏ မူဝါဒများကို နားလည်သဘောပေါက်ရန် အတွက် မိမိတို့ဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် အောက်ခြေနှစ်ဖက်တပ်မှူးများအကြား ရင်းနှီးမှု၊ ယုံကြည်မှု တည်ဆောက်ရန်အတွက် နှစ်ဖက်တပ်မှူးများ တွေ့ဆုံခြင်းများ ရှိသည် ဆိုသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။

 

သို့သော် ယုံကြည်မှုအဆင့်ဆိုသည်မှာ ဒေသတစ်ခုနှင့် တစ်ခုအကြား တူညီမှုမရှိသည်ကို အသိအမှတ်ပြုရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အခြေအနေအမျိုးမျိုးကြောင့် ယုံကြည်မှု နိမ့်ကျနေသည့် ဒေသများတွင် ဘာပဲလုပ်လုပ် အထူးသတိထား လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ကြိုတင်ညှိနှိုင်းမှုများကို အချိန်ယူ ပြုလုပ်ရန် လိုအပ်ကြောင်း၊ ဘာမဟုတ်သည့် အသေးအဖွဲ အပြုအမူများသည်ရှိပြီး သားယုံကြည်မှုများကို ပျက်ပြားစေနိုင်ပြီး လက်နက်ကိုင် ပဋိပက္ခအခြေအနေအထိ ပြန်လည်တွန်းပို့နိုင်ကြောင်း၊ ဤသည်ကလည်း ယခု လက်ရှိဖြစ်ပွားနေသည့် ဖြစ်စဉ်များကို အခြေခံပြီးပြောကြားခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် NCA မှတစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှသည် ပြည်ထောင်စုငြိမ်းချမ်းရေးဆီသို့ဆိုသည့် မိမိတို့၏ ဆောင်ပုဒ်ကို အကောင်အထည်ဖော်သည့်နေရာတွင် အဟန့်အတားဖြစ်စေမည့် မည်သည့်အပြုအမူကိုမျှ မပြုလုပ်မိစေရန် သတိထားရမည်ဖြစ်ကြောင်း၊ ယုံကြည်မှုပျက်ပြား စေမည့် အပြုအမူများကိုမလုပ်ဘဲ ယုံကြည်မှုကို မြင့်မားစေမည့် မည်သည့်အပြုအမူကိုမဆို နှစ်ဖက်လက်နက်ကိုင်များမှ အပစ်အခတ်ရပ်စဲရေး ခိုင်မာစေရန်အတွက် ဖန်တီးယူရန် လိုအပ်ကြောင်း၊ တုံ့ပြန်ပြုမူခြင်း အဆင့်ထက် ဖန်တီးယူခြင်းဖြင့် ယုံကြည်မှု တည်ဆောက် ခြင်းကို အထောက်အကူပြုစေမည် ဖြစ်သကဲ့သို့ လက်နက်ကိုင် ထိတွေ့မှုများကိုလည်း ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း။

 

မိမိတို့လက်နက်ကိုင် နှစ်ဖက်လုံးသည် ကိုယ့်ယုံကြည်ချက်နှင့် ကိုယ့်ပြည်သူလူထုများ၏ အကျိုးစီးပွားများကို စောင့်ရှောက်ကာကွယ်နေကြသူများ ဖြစ်သောကြောင့် ယခုပစ်ခတ်မှု ဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူလူထုများ၏ အကျိုးစီးပွားများ ကို ထောက်ထားခြင်းအားဖြင့် ၎င်းတို့၏ မွေးရပ်ဒေသများ၌ ပြန်လည်အခြေပြုနေထိုင်နိုင် ရေးအတွက် တပ်များပြန်လည် ရုပ်သိမ်းနိုင်ရေးနှင့် နှစ်ဖက် တပ်များအကြား ယခုဖြစ်စဉ်နှင့် အတူ နောင်တွင် အလားတူဖြစ်စဉ်မျိုး မဖြစ်ပေါ်စေရန် ညှိနှိုင်း ဆွေးနွေးမှုများ အလျင်အမြန် ပြုလုပ်သွားရန်ကိုလည်း ယခုအစည်းအဝေးမှတစ်ဆင့် တိုက်တွန်းပြောကြားလိုကြောင်း၊ JMC ၏ အခြေခံမူများအတိုင်း ပဋိပက္ခများကို အင်အားသုံးဖြေရှင်းခြင်းမပြုဘဲ ဘက်လိုက်မှုကင်းခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို အခြေခံပြီး စိတ်ရှည်သည်းခံခြင်းဖြင့် ညှိနှိုင်းအဖြေရှာသွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

 

ယင်းနောက် JMC-U ဒုတိယဥက္ကဋ္ဌ (၂) ဦးပြည့်စုံက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး အစည်းအဝေးကို စတင်ရာ (၁၅)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များ၏ အကောင် အထည်ဖော်မှုများကို တင်ပြခြင်း၊ JMC အဆင့်ဆင့်၏ အတွင်းရေးမှူးများတွေ့ဆုံပွဲမှ ဆွေးနွေးချက်များကို တင်ပြခြင်း၊ တတိယအကြိမ် JMC အရပ်သားကိုယ်စားလှယ်များ တွေ့ဆုံပွဲမှ ဆွေးနွေးချက်များကို တင်ပြခြင်း၊ JMC မျက်နှာစုံညီအစည်းအဝေး ဒုတိယ အကြိမ်တွေ့ဆုံပွဲမှ ဆွေးနွေးချက်များကို အနှစ်ချုပ်တင်ပြခြင်း၊ JMC-U ၏ (၁၅) ကြိမ်မြောက် နှင့် (၁၆) ကြိမ်မြောက် အစည်းအဝေးကြားကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှုများကို ဆွေးနွေးခြင်းနှင့် အထွေထွေဆွေးနွေးမှုများ ကို ပြုလုပ်ကြသည်။

 

JMC-U ၏ (၁၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မှစ၍ နှစ်ရက်ကြာ ပြုလုပ်လျက်ရှိရာ ကျန်ရှိသည့် အချက်များကို မေ ၁၁ ရက်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။ JMC အဆင့်ဆင့်၏ အတွင်းရေးမှူးများ အစည်းအဝေးကို မေ ၇ ရက်တွင်လည်းကောင်း၊ ဒုတိယ အကြိမ် JMC မျက်နှာစုံညီ အစည်းအဝေးကို မေ ၈ ရက် နှင့် ၉ ရက်တို့တွင်လည်းကောင်း ရန်ကုန်မြို့၌ အသီးသီးကျင်းပခဲ့ကြောင်း သိရသည်။