မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

Printer-friendly versionSend by email

ရေး မေ ၇

မွန်လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(တတိယနေ့)ကို မွန်ပြည်နယ် ရေးမြို့နယ်တွင် မေ ၇ ရက်က ဆက်လက်ကျင်းပပြီးအောင်မြင်စွာ ကျင်းပပြီးစီးသည့် ပိတ်ပွဲအခမ်းအနားကို ရေးမြို့ ပြည်သူ့အားကစားရုံ၌ ကျင်းပသည်။

 

နံနက်ပိုင်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍကြီး လေးရပ်တွင် ကိုယ်စားလှယ်တော်များက သက်ဆိုင်ရာကဏ္ဍအလိုက် နှစ်ရက်တာ အပြီးသတ် ဆွေးနွေးခဲ့သည့် အမြင်သဘောထား စုစည်းချက်များကို ဆွေးနွေးပွဲကိုယ်စားလှယ်တော် များအားလုံး သိရှိအကြံပြုနိုင်ရန် ဦးဆောင်သူများက ကဏ္ဍတစ်ခုချင်းစီအလိုက် လိုက်လံ ပေးပို့တင်ပြကာ ဖြည့်စွက်အကြံပြုချက်များ ရယူသည်။ မွန်းလွဲပိုင်းတွင် ပြည်သူ့အားကစား ရုံ၌ ဆွေးနွေးပွဲကဏ္ဍအသီးသီးမှရရှိသည့် အမြင်သဘောထား စာတမ်းများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဦးဆောင်သူများက ပြန်လည်ဖတ်ကြားတင်သွင်းကာ သဘာပတိအဖွဲ့ထံ အပ်နှံသည်။

 

ယင်းနောက် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို ကျင်းပရာ ရှေးဦးစွာ ဆွေးနွေးပွဲမှရရှိလာသည့် ကဏ္ဍအလိုက် အတည်ပြုချက် စာတမ်းများ အား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ နိုင်ဗညားလယ်က မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေး ကော်မတီသို့ပေးအပ်ရာ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ် ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နန်းစံဝင့်ခိုင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ အတွင်းရေးမှူး အဖွဲ့ဝင် ဦးအောင်စိုးက လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေးဆိုင်ရာများကို လည်းကောင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့် ဆွေးနွေးပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ နိုင်ဗညားလယ်တို့က ကျေးဇူးတင် ဝမ်းမြောက်စကားများကို လည်းကောင်း အသီးသီးပြောကြားပြီး မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်က နိဂုံးချုပ် အမှာစကားပြောကြားကာ တက်ရောက်လာသူအားလုံး တို့က မွန်အမျိုးသားသီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။

 

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်သည့် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍနှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာကဏ္ဍများဖြင့် ကဏ္ဍ(၄)ရပ် သတ်မှတ်ပြီး တက်ရောက်လာသူ ကိုယ်စားလှယ်များက ၎င်းတို့၏ သဘောထားအမြင်များကို လွတ်လပ် ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီမှ ချမှတ်ထားသည့် မူဘောင်နှင့်အညီ နိုင်ငံရေးကဏ္ဍတွင် ဖက်ဒရယ်စနစ်နှင့် ပတ်သက်သည့် အခြေခံမူများကိုလည်းကောင်း၊ စီးပွားရေးကဏ္ဍတွင် ဖက်ဒရယ် စနစ်ဆိုင်ရာ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာအခြေခံမူများနှင့် ဒေသန္တရဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ မူများကို လည်းကောင်း၊ လူမှုရေးကဏ္ဍတွင် ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင် ရေးနှင့် လူမှုရေး ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သော အခြေခံမူများကိုလည်းကောင်း၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ် များ ကဏ္ဍတွင် ဖက်ဒရယ်စနစ်ကို အခြေခံသော မြေယာမူဝါဒများနှင့် သဘာဝပတ်ဝန်းကျင် နှင့် သဘာ၀ဘေး အန္တရာယ် ကာကွယ်ရေးဆိုင်ရာ မူဝါဒများကိုလည်းကောင်း ဆွေးနွေးခဲ့ ကြကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပွဲများမှ တူညီသော သဘောထား အမြင် များနှင့် မတူညီသော သဘောထားအမြင်များကို စုစည်းရရှိခဲ့ပါကြောင်း၊ မိမိတို့ မွန်လူမျိုးများ အနေဖြင့် ဒီမိုကရေစီ၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပေါ် အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် တစ်တပ် တစ်အား ပါဝင်သွား မည်ဖြစ်ပြီး ငြိမ်းချမ်းစွာဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းပေးနိုင်မည့် လမ်းကြောင်းအပေါ် လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း မွန်လူမျိုးအလိုက် အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲအပြီးတွင် ကျင်းပရေးကော်မတီမှ ထုတ်ပြန်ကြေညာထားသည်။

 

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့မှ ဦးဆောင်ဦးရွက်မှုဖြင့် မေ ၅ ရက်မှ ၇ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ပိတ်ပွဲအခမ်းအနားသို့ မွန်ဆရာတော်၊ သံဃာတော်များ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ငြိမ်းချမ်းရေး ကော်မရှင်၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဒေါ်လဲ့လဲ့မော်နှင့် အစိုးရအဖွဲ့ဝင်များ၊ မွန်ပြည်နယ်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ မွန်လူထုအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မွန်ဒေသ အသီးသီးမှ ကိုယ်စားလှယ်များ၊ မွန်အမျိုးသမီးများ၊ မွန်လူငယ်များ၊ တတ်သိပညာရှင်များ နှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။