မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

Printer-friendly versionSend by email

ရေး မေ ၅

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မွန်ပြည်နယ် ရေးမြို့နယ်ရှိ ပြည်သူ့အားကစားရုံ၌ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ကျိုက်မရောမြို့နယ် ရာမညနိကာယကော့ပလိုင်ကျောင်းဆရာတော် ဘဒ္ဒန္တ ကေတုမာလာက ဩဝါဒစကားမြွက်ကြားသည်။

 

ယင်းနောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက အမှာစကားပြောကြားရာတွင် NCA လက်မှတ်ရေးထိုးပြီးနောက် မွန်ပြည်သစ်ပါတီအနေဖြင့် ယခုကဲ့သို့ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အမြန်ဆုံးကျင်းပနိုင်သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးနှင့် အာမခံခွင့်အပြည့်အဝရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုအား နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားနိုင်ရန် အရေးကြီး ပါကြောင်း၊ ယင်းသို့ တည်ဆောက်နိုင်ရန် တိုင်းရင်းသားများ၏ လိုလားချက်၊ သဘောဆန္ဒများ၊ အမြင်သဘောထားများကို စုစည်းနိုင်ရေးအတွက် ယခုကဲ့သို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ယခုဆွေးနွေးပွဲမှ မွန်တိုင်းရင်းသားတို့၏ လိုအပ်ချက်၊ လိုလားချက်များနှင့် အမြင်သဘောထားများကို တင်ပြခွင့်ရရှိ တော့မည် ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားသည်။

 

ဆက်လက်၍ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့က နှုတ်ခွန်းဆက် အမှာစကားများပြောကြားကြပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစိုးရအစုအဖွဲ့မှ ဦးခင်ဇော်ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့မှ ဦးခွန်မြင့်ထွန်း၊ နိုင်ငံရေးပါတီအစုအဖွဲ့မှ ဦးစောထွန်းအောင်မြင့်၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် နိုင်ကျန်ရစ်နှင့် မွန်အမျိုးသားပါတီမှ ဒုတိယ ဥက္ကဋ္ဌ နိုင်ငွေသိန်းတို့က အမှာစကားများ ပြောကြားကြကာ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ နိုင်ဗညားလယ်က မွန်အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ရေးမြို့ မွန်ဓမ္မာရုံ၌ နိုင်ငံရေးကဏ္ဍဆိုင်ရာ အခြေခံမူ အဆိုပြုချက် များကို လည်းကောင်း၊ အထက(၁)ကျောင်းခန်းမ၌ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရာတွင် အခြေခံရမည့် လူမှုရေး ကဏ္ဍ အခြေခံမူ အဆိုပြုချက်များကိုလည်းကောင်း၊ အထက(၁) ခန်းမဆောင်၌ ဖက်ဒရယ်စီးပွားရေးဆိုင်ရာ အခြေခံမူ အဆိုပြုချက်များကို လည်းကောင်း၊ တစ်ပလ္လင်နှစ်ဆူဓမ္မာရုံ၌ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ မူဝါဒ အဆိုပြုချက်များကို လည်းကောင်း ကိုယ်စားလှယ်အသီးသီးတို့က အစုအဖွဲ့အလိုက် ဆွေးနွေးကြသည်။

 

အဆိုပါဆွေးနွေးပွဲကို မေ ၇ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး အစုအဖွဲ့အသီးသီးမှ ဆွေးနွေးပွဲ ကိုယ်စားလှယ် ၅၀၀ တို့က ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) မှ သတ်မှတ်ထားသည့် တစ်ပုလ္လင်နှစ်ဆူဓမ္မာရုံ ကဏ္ဍလေးရပ်ကို သက်ဆိုင်ရာအစုအဖွဲ့အလိုက် ဆွေးနွေး သွားကြမည်ဖြစ်သည်။

 

အခမ်းအနားသို့ သံဃာတော်များ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ငြိမ်းချမ်းရေး ကော်မရှင်၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေးကော်မတီဝင်များ၊ လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ၊ အစုအဖွဲ့အသီးသီးမှ ဆွေးနွေးပွဲကိုယ်စားလှယ်များ၊ လေ့လာသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။