NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP တို့ တွေ့ ဆုံဆွေးနွေး

Printer-friendly versionSend by email

လွိုင်ကော် ဧပြီ ၂၆

NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ၂၆ ရက် နံနက် ၁ဝနာရီတွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော် ကိုယ်စားလှယ်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အစိုးရဌာနဆိုင်ရာအကြီးအကဲများ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီမှ အဖွဲ့ခေါင်းဆောင်နှင့် ကော်မတီဝင်များ၊ အစိုးရမှ ဖိ်တ်ကြားထားသော လေ့လာသူများနှင့် (KNPP) မှ ဖိတ်ကြားထားသော လေ့လာသူများတက်ရောက်ကြသည်။

ရှေးဦးစွာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ခေါင်းဆောင်များကို နှုတ်ခွန်းဆက်သပါကြောင်း၊ ယနေ့ဆွေးနွေးပွဲကနေ ကယားပြည်နယ်သူ၊ ပြည်နယ်သားတွေ မျှော်လင့်တောင့်တနေကြတဲ့ ငြိမ်းချမ်းရေးရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့ မျှော်လင့်ကြောင်းစကားလက်ဆောင်ပါးလိုက်ကြောင်း။

ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ဆွေးနွေးပွဲကို ကယားပြည်နယ်က တိုင်းရင်းသားအားလုံးသာမက တစ်နိုင်ငံလုံးနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကပါ စိတ်ပါဝင်စားစွာစောင့်ကြည့်နေကြကြောင်း၊ ဒီကနေ့ ဆွေးနွေးပွဲက ကယားပြည်နယ်ငြိမ်းချမ်းရေးအတွက် အားတက်ဖွယ်ရာ ရလဒ်တွေ ထွက်ပေါ်လာမလား၊ အရင်လိုပဲ မသဲမကွဲ၊ မရေမရာ အခြေအနေတွေပဲ ထွက်ပေါ်လာမလား ဆိုတာကတော့ ဒီကနေ့စားပွဲဝိုင်းမှာရောက်ရှိနေကြသူအားလုံးနဲ့ သူတို့ရဲ့ စိတ်ရင်း စေတနာအပေါ်မှာ မူတည်နေကြောင်း၊ဒီကနေ့ ဆွေးနွေးပွဲဟာ မြန်မာနိုင်ငံအလယ်ပိုင်းကနေ အောက်ပိုင်းတစ်ခုလုံး ငြိမ်းချမ်းရေး အလင်းရောင်တွေ ထွန်းလင်းတောက်ပနိုင်ဖို့ အလားအလာ ရှိ-မရှိကို အဆုံးအဖြတ်ပေးတော့မှာ ဖြစ်ကြောင်း၊ ဒါကြောင့်မို့ ဒီကနေ့ ဆွေးနွေးပွဲဟာ ကယားပြည်နယ်ပြည်သူလူထုအတွက် အထူးပဲ လိုလားတောင့်တနေတဲ့ အရေးကြီးလှတဲ့ သမိုင်းမှတ်တမ်းတင်နိုင်ရန် ဖြစ်လာတော့မှာဖြစ်ကြောင်း။

ကယားပြည်နယ်ကို ရောက်လာတဲ့အခါမှာ တွေ့ မြင်ရတဲ့ ရှုခင်း၊ မြင်ကွင်းတွေ၊သဘာဝအလှအပတွေနဲ့ ခရီးသွားအများစိတ်ဝင်စားမှုတွေ မြင်တွေ့ရတဲ့အခါမှာငြိမ်းချမ်းရေးသာ အပြည့်အဝရရှိလာခဲ့ရင် ကယားပြည်နယ်ရဲ့ အရှိန်အဟုန်ဟာ အလျင်အမြန်ဆုံးနဲ့ အချိန်တိုတိုတောင်းတောင်းအတွင်း သိသိသာသာ တိုးတက်လာမယ်ဆိုတာကို ခံယူမိကြောင်း၊ တစ်ဖက်မှာရှိတဲ့ ထိုင်းနိုင်ငံကနေ အတိုဆုံးလမ်းကြောင်းနဲ့ကယားပြည်နယ်ကတစ်ဆင့် နေပြည်တော်ကို ရောက်ရှိလာနိုင်တဲ့အတွက် ကုန်သွယ်မှု၊ကူးသန်းရောင်းဝယ်မှုမှာလည်း အခြေအနေကောင်းတွေအများကြီးရှိနေတာဖြစ်ကြောင်း၊ ကယားပြည်နယ်သူ၊ ပြည်နယ်သားတွေအားလုံး နှစ်ပေါင်းများစွာ ငြိမ်းချမ်းရေးကို လိုလားတောင့်တနေကြရတဲ့ အကြောင်းအရင်း နောက်ခံတွေကိုလည်း ပိုမိုပြီးတော့ သိမြင်လာရကြောင်း။

ကျွန်တော်တို့နိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခရဲ့ သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ခြင်းမရှိခဲ့တာကြောင့် ဒီကနေ့အထိ သက်တမ်းရှည်ကြာမှုရှိခဲ့ခြင်းပဲ ဖြစ်ကြောင်း၊ မငြိမ်းချမ်း၊မတည်ငြိမ်၊ မလုံခြုံတဲ့ အခြေအနေတွေကို ကယားပြည်နယ်သူ၊ ပြည်နယ်သားတွေကပိုမိုပြီးသိမြင်ကြကြောင်း၊ ဒီကနေ့ အစိုးရသစ်လက်ထက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ငန်းစဉ် တစ်ရပ်အနေနဲ့ အလေးထားပြီးအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံဆိုတဲ့ နိုင်ငံရေးစားပွဲဝိုင်းတွေ ပေါ်ပေါက်လာချိန်မှာ ပါဝင်ထိုက်သူတွေ ပါဝင်နိုင်ရေးကို ကျွန်တော်တို့ အလေးပေးဆောင်ရွက်နေကြောင်း၊ အဓိကအားဖြင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တက်လှမ်းနိုင်တဲ့ တံခါးပေါက်ဖြစ်တဲ့ NCA မှာအားလုံးပါဝင်လာရေးကို ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးကော်မရှင်က အစဉ်အမြဲအလေးထားကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ကြောင်း။

NCA ထိုးလိုက်တာနဲ့ လက်နက်တွေ အပ်နှံရမယ်ဆိုတာမျိုး ထင်ယောင်ထင်မှားဖြစ်နေတာတွေလည်းရှိကြောင်း၊ တကယ်တော့ NCA ဆိုတာ လက်နက်ကိုင် ပဋိပက္ခတွေမဖြစ်ပွားဖို့ ပစ်ခတ်တိုက်ခိုက်မှုတွေကိုရပ်စဲလိုက်ပြီး ရပ်စဲလိုက်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလုပ်ငန်းစဉ်ခိုင်မာအောင် စနစ်တကျ ဆောင်ရွက်ခြင်းဖြစ်သလိုတစ်ဖက်မှာလည်း နိုင်ငံရေးဆွေးနွေးပွဲတွေကနေပြီးတော့ နိုင်ငံရေးပြဿနာတွေကိုညှိနှိုင်းအဖြေရှာနိုင်ဖို့ အစပျိုးလိုက်ခြင်းပဲ ဖြစ်ကြောင်း၊ ကျွန်တော်တို့ တိုင်းရင်းသားတွေလိုလားတောင့်တနေတဲ့ နိုင်ငံရေးအာမခံချက်ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူတွေကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ပင်လုံ အစည်းအဝေးတွေမှာ ဆွေးနွေးနေကြပြီ ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့၂၁ ရာစုပင်လုံ၊ ဒုတိယအစည်းအဝေးမှာ ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း (၁) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီးတော့ ကျင်းပမယ့်ညီလာခံတတိယအစည်းအဝေးမှာဆိုရင်လည်း ဒုတိယအစည်းအဝေးမှာ ဆွေးနွေးမှုတွေပြီးပြတ်ပြီဟု ယူဆပြီးမှ ကျန်ရစ်ခဲ့ရတဲ့ တိုင်းရင်းသားတွေရဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းရေး အခြေခံမူတွေကို ပြီးပြတ်အောင်ဆွေးနွေးညှိနှိုင်းကြမှာဖြစ်ကြောင်း။

အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပြည်နယ်တွေရဲ့ အခြေခံဥပဒေတွေဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေ ခေတ်အဆက်ဆက်က မျှော်လင့်တောင့်တခဲ့တဲ့ ဖက်ဒရယ်မူတွေဆိုရင် မှားမယ်မထင်ပါကြောင်း၊ ဒီကနေ့ ဆွေးနွေးပွဲရဲ့ အဖွင့်မှာပွင့်ပွင့်လင်းလင်းပြောရရင် ဒီအခြေခံမူတွေကို ဆွေးနွေးညှိနှိုင်း ငြင်းခုံကြရာမှာကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ ကယားပြည်နယ်သူ၊ ပြည်နယ်သားတွေရဲ့သဘောထားတွေ၊ လိုလားချက်တွေ ပါဝင်စေချင်ပါကြောင်း။

ဒီလိုပါဝင်စေလိုတဲ့အတွက်လည်း ကျွန်တော်တို့ အစိုးရအနေနဲ့ KNPP ဘက်ကရှိနေတဲ့ အခက်အခဲတွေပြေလည်သွားအောင်၊ NCA ရေးထိုးနိုင်ဖို့ ကြုံတွေ့နေရတဲ့တစ်ဆို့နေမှုတွေကို ဖယ်ရှားနိုင်အောင် ဒီနေ့ရောက်ရှိလာခဲ့ခြင်းပဲဖြစ်ကြောင်း၊ကျွန်တော်တို့အနေနဲ့ လက်ရှိကာလ၊ ရေတိုကာလ ကြုံတွေ့နေရတာတွေကို ဦးစားပေးဖြင့် အနာဂတ်မှာဖြစ်ပေါ်လာမယ့် ဖက်ဒရယ် ပြည်ထောင်စုကြီးရဲ့ အနာဂတ်ကို ပုံဖော်နိုင်ဖို့ကို ပိုမိုပြီးအလေးထားပေးကြဖို့ တိုက်တွန်းလိုပါတယ်။ အထူးသဖြင့် ဒီကနေ့ကယားပြည်နယ်က ကလေးသူငယ်တွေ ကြီးပြင်းလာတဲ့အချိန်မှာ သူတို့တစ်တွေကြုံတွေ့ ကြရမယ့် အနေအထားကို လှမ်းမျှော်ကြည့်ကြစေချင်ကြောင်း၊ ဒီကနေ့ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်သမျှရဲ့ ကောင်းကျိုးဆိုးကျိုးကို သူတို့တစ်တွေအနေနဲ့ ကြုံတွေ့ရင်ဆိုင်ကြရမှာဖြစ်ကြောင်း။

ဒီကနေ့ ဆွေးနွေးပွဲမှာ နှစ်ဦးနှစ်ဖက် ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး တစ်ဆို့နေတာတွေ ပြေလည်သွားအောင်၊ အခက်အခဲဖြစ်နေတာတွေ ပယ်ဖျက်နိုင်အောင်နားလည်မှုရှိရှိ၊ ယုံကြည်မှုမြင့်မြင့်မားမားနဲ့ ဆွေးနွေးပေးကြဖို့၊ အထူးသဖြင့် အနာဂတ်မှာ ပေါ်ထွန်းလာမယ့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက်အရေးကြီးလှတဲ့ အခြေခံမူတွေ ဆွေးနွေးညှိနှိုင်းနေပြီဖြစ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ပင်လုံအစည်းအဝေးကြီးမှာ ပါဝင်လာနိုင်ရေးကို ရှေးရှုပေးကြဖို့အလေးအနက် မေတ္တာရပ်ခံလိုကြောင်း၊ ကယားပြည်နယ်သူ၊ ပြည်နယ်သားတွေရဲ့မျှော်လင့်ချက်တွေကို အလေးအမြတ်ပြုပြီး ဆွေးနွေးပွဲရလဒ်ကောင်းတွေ ထွက်ပေါ်လာပြီး NCA လက်မှတ်ရေးထိုးနိုင်မယ့်အခြေအနေ ရရှိဆုံးဖြတ်နိုင်ပါစေ၊ ရောက်ရှိနိုင်ပါစေကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဘီထူးက အမှာစကားပြောကြားရာတွင် KNPP အနေဖြင့်ငြိမ်းချမ်းရေးဖြစ်စဉ် တစ်လျှောက်လုံးတွင် ပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ NCAရေးထိုးနိုင်ရေး ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် ပါဝင်လိုကြောင်း၊ ဆွေးနွေးမှုအောင်မြင်ရန် မျှော်လင့်ကြောင်းဖြင့်ပြောကြားသည်။

ဆက်လက်၍ ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့အကြား နှစ်ဖက်အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြသည်။

NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ ဧပြီလ ၂၇ ရက်နေ့တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။