ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကော်မတီ ပူးတွဲထုတ်ပြန်ကြေညာချက်

Printer-friendly versionSend by email

ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကော်မတီ ပူးတွဲထုတ်ပြန်ကြေညာချက်

(၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၇ ရက်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့)

 

၁။ ငြိမ်းချမ်းရေးကော်မရှင်နှင့်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေး ကော်မတီတို့သည် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၆ရက်နှင့် ၂၇ ရက်တို့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌တွေ့ဆုံဆွေးနွေးကြရာ နှစ်ဖက်ရင်းနှီးပွင့်လင်းစွာဖြင့် အပြန်အလှန်ဆွေးနွေး ခဲ့ကြပါသည်။

 

၂။ ဆွေးနွေးရာတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် အမြန်ဆုံးပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပါဝင်မရေးထိုးနိုင်မီ ရေတိုကာလအတွင်း အောက်ပါအတိုင်းဆောင်ရွက်ရန် သဘောတူသည်-

 

(က) Local Monitoring Team & JMC ကိစ္စ၊ နှစ်ဖက်တပ်ဖွဲ့များသွားလာမှု၊ ဆက်သွယ်မှုပြည်နယ်အဆင့်တွင် ညှိနှိုင်းရေးကိစ္စ။ ပြည်နယ်အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)အကြား နှစ်ဖက်သဘော တူညီထားသည့်အတိုင်း ပုံမှန်တွေ့ဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်ရန်။

 

(ခ) ပြည်နယ်နှင့် ပြည်ထောင်စုအဆင့်များတွင် ဆက်ဆံရေးတာဝန်ခံများ ပြန်လည်ထားရှိရေးကိစ္စ။ ပြည်နယ်အဆင့်တွင်လည်းကောင်း၊ပြည်ထောင်စုအဆင့်တွင်လည်းကောင်း နှစ်ဖက်ညှိနှိုင်းသဘောတူထားသော ဆက်ဆံရေး လမ်းကြောင်းများမှတစ်ဆင့် ဆောင်ရွက်ရန်။

 

(ဂ) တပ်ပိုင်းဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် တိုးတက်မှုများရရှိခဲ့ပြီး နှစ်ဖက်ညှိနှိုင်းသဘောတူညီသည့်အတိုင်း ဆက်လက်ဆောင်ရွက်ရန်။

 

၃။ အထက်ဖော်ပြပါအချက်များကို နှစ်ဖက်ညှိနှိုင်းဆွေးနွေးသဘောတူညီမှုရရှိခဲ့သဖြင့်ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်းထုတ်ပြန်ကြေညာအပ်ပါသည်။

 

ငြိမ်းချမ်းရေးကော်မရှင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)