NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်နှင့် KNPP တို့ တွေ့ဆုံဆွေးနွေးမှု အောင်မြင်စွာ ပြီးစီး နှစ်ဖက်သဘောတူညီချက်များရရှိပြီး ပူးတွဲကြေညာချက်ထုတ်ပြန်နိုင်ခဲ့

Printer-friendly versionSend by email

လွိုင်ကော် ဧပြီ ၂၇

NCA  လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့ တွေ့ဆုံဆွေးနွေးပွဲကို ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ဆက်လက်ကျင်းပရာ နှစ်ဖက်သဘောတူညီချက်များရရှိပြီး ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော်ကိုယ်စား လှယ်များ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ အစိုးရဌာန ဆိုင်ရာအကြီးအကဲများ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ၏ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရေးကော်မတီမှ အဖွဲ့ခေါင်းဆောင်နှင့် ကော်မတီဝင်များ၊ အစိုးရမှ ဖိတ်ကြားထားသော လေ့လာသူများနှင့် KNPP မှဖိတ်ကြားထားသောလေ့လာသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲအစီအစဉ်အရ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ ဧပြီ ၂၆ ရက်တွင် ပြည်နယ်ခန်းမ၌ နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဆွေးနွေးခဲ့ပါကြောင်း၊ ယင်းနောက် အလွတ်သဘောအစည်းအဝေးကို ညနေ ၃ နာရီမှ ည ၇ နာရီ ၁၅ မိနစ်အထိ ပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမတွင် ဆက်လက်ဆွေးနွေးခဲ့ပါကြောင်း၊ ယနေ့တွင်လည်းအလွတ်သဘော အစည်းအဝေးကို နံနက် ၁၀ နာရီမှ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အထိပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဆက်လက်ဆွေးနွေးခဲ့ပါကြောင်း၊ဆွေးနွေးရန် သဘောတူထားသည့် ခေါင်းစဉ်၊ အကြောင်းအရာကိုးခုလုံးကို အကျေအလည်ဆွေးနွေးခဲ့ပါကြောင်း၊ သဘောတူညီချက်အများစုရရှိခဲ့ပြီး နှစ်ဖက်ညှိနှိုင်းဆောင်ရွက်သွားမည့် နည်းလမ်းများကိုလည်း ရှာဖွေနိုင်ခဲ့ကြပါကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အထွေထွေအတွင်းရေးမှူး ရွှေမျိုးသန့်က ဆွေးနွေးညှိနှိုင်းမှုများအပေါ် အားရကျေနပ်မှုရှိပါကြောင်း၊ဆွေးနွေးမည့် ကိစ္စရပ်အားလုံးကို ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီးဆွေးနွေးနိုင်ခဲ့ကြပါကြောင်း၊ သဘောတူညီချက်များရရှိပြီး ပူးတွဲထုတ်ပြန် ကြေညာချက် ထုတ်ပြန်နိုင်ခဲ့သည့်အတွက် အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် အစိုးရဘက်မှ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦးနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကော်မတီအဖွဲ့ခေါင်းဆောင် ဦးဘီထူးတို့က အစည်းအဝေးမှတ်တမ်းအား အတည်ပြုလက်မှတ်ရေးထိုးကြပြီး အပြန်အလှန် လဲလှယ်ကြသည်။

ဆက်လက်၍ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေကနှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှု၏ရလဒ်ဖြစ်သည့် ပူးတွဲထုတ်ပြန်ကြေညာချက်ကိုဖတ်ကြားရှင်းလင်းတင်ပြသည်။

ထို့နောက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဗဟိုအလုပ်အမဆောင်ကော်မတီဝင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကော်မတီမှ အဖွဲ့ခေါင်းဆောင်ဦးဘီထူးက နှစ်ရက်တာအစည်းအဝေးသို့ အင်တိုက်အားတိုက် တက်ရောက်ခဲ့သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီအနေဖြင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကို လိုလားတောင့်တပြီး ယခုတိုင် ငြိမ်းချမ်းရေးလမ်းတွင် လျှောက်လှမ်းနေဆဲဖြစ်ပါကြောင်း၊ နှစ်ရက်တာ အကျေအလည် ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက်များ ရရှိခဲ့ကြသည့်အတွက် ဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ဆွေးနွေးသူအားလုံးကို ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း၊ ယခုအစည်းအဝေးဖြစ်မြောက်အောင် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးကူညီခဲ့ကြသူများ အားလုံးကို ကျေးဇူးတင်ပါကြောင်း၊ ပြည်သူများ တည်ငြိမ်အေးချမ်းမှုရရှိပြီးနောက် ပိုမိုတိုးတက်၊ ပိုမိုဖွံ့ ဖြိုးလာရန် ကြိုးပမ်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်အတူ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဧပြီ ၂၆ ရက် နှင့် ၂၇ ရက် နှစ်ရက်တာ တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီချက်အများအပြားရရှိခဲ့ကြောင်း၊ ပူးတွဲထုတ်ပြန်ကြေညာချက်ကိုလည်း ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းအားဖြင့် အပြုသဘောဆောင်သောအဖြေများ ထွက်ပေါ်လာနိုင်သည်ကို စောင့်ကြည့်နေကြသည့် ပြည်သူများကို သတင်းကောင်းပါးနိုင်ခဲ့ပါကြောင်း၊ နှစ်ဦးနှစ်ဖက်နားလည်မှု၊ ယုံကြည်မှုများလည်း ရရှိလာခဲ့ပါကြောင်း။

ကယားပြည်နယ်၏ ရှေ့ဆက်သွားမည့် ငြိမ်းချမ်းရေးလမ်းကြောင်း၊ ဖွံ့ ဖြိုးတိုးတက်ရေးလမ်းကြောင်းများတွင် လွန်စွာမှပင် အပေါင်းလက္ခဏာဆောင်သောရလဒ်ဖြစ်ပါကြောင်း၊ နှစ်ဖက်သောခေါင်းဆောင်များအနေဖြင့်လည်း ဝမ်းမြောကဝမ်းသာဖြစ်ကြမည် ဖြစ်ပါကြောင်း၊ ယခု နှစ်ရက်တာအတွင်း အားကြိုးမာန်တက်ဆွေးနွေးညှိနှိုင်းကြရာ၌ ညပိုင်းအထိ ဆွေးနွေးခဲ့ရခြင်းဖြစ်၍ ပါဝင်ဆွေးနွေးသူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သည်နှစ်ဦးနှစ်ဖက်စလုံးအတွက် ကောင်းမွန်သော လမ်းကြောင်းဖြစ်ပါကြောင်း၊ အထူးသဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးကို လာမည့် မေလနောက်ဆုံး ရက်သတ္တပတ်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါကြောင်း၊ယင်းညီလာခံတွင် KNPP ပါတီခေါင်းဆောင်များနှင့် ညီနောင်များက NCA လက်မှတ်ရေးထိုးနိုင်သည့် အခြေအနေတစ်ခုကို ဖန်တီးပေးနိုင်ရန် မျှော်လင့်ပါကြောင်း၊နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံပြီး ၂၁ ရာစုပင်လုံညီလာခံတွင် လက်မှတ်ရေးထိုးနိုင်မည်ဆိုပါက လွန်စွာအောင်မြင်သော သမိုင်းဝင်မှတ်တမ်းတစ်ခုဖြစ်လာမည်ဟုယုံကြည်ပါကြောင်း၊ နှစ်ရက်တာအတွင်း ဆွေးနွေးခဲ့ကြသူအားလုံး ပင်ပန်းခဲ့ကြသော်လည်း စေတနာထား၍ NCA  လက်မှတ်ရေးထိုးနိုင်မည့် အခြေအနေတစ်ခုရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသူများ၊ နှစ်ဖက်မှ ဖိတ်ကြားထားသူများ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး အစည်းအဝေးကို မွန်းလွဲ၁ နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

ယခုအစည်းအဝေးမှ သဘောတူညီချက်များ ရယူနိုင်ခဲ့ခြင်း၊ ပူးတွဲထုတ်ပြန်ကြေညာချက် ထုတ်ပြန်နိုင်ခဲ့ခြင်းတို့သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကယားပြည်နယ်၏ အရေးကြီးလှသော ငြိမ်းချမ်းရေး ခြေလှမ်းတစ်ရပ်ပင်ဖြစ်သည်။