အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

Printer-friendly versionSend by email

 

 

မော်လမြိုင် ဧပြီ - ၂

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ကျင်းပမည့် မွန်ပြည်သစ်ပါတီ(NMSP)၏ လူမျိုးအလိုက် အမျိုးသားအဆင့်  နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မော်လမြိုင်မြို့ ပြည်နယ်အစိုးရ အဖွဲ့ရုံးအောင်ဆန်းခန်းမ၌ ကျင်းပရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ပြည်နယ်ဝန်ကြီးများ၊ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း)ခင်ဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် င်္ဦးဇော်ဋ္ဌေး၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် အထောက်အကူပြုအဖွဲ့ဝင် ဦးကျော်လင်းဦး၊ UPDJC (EAO)အစုအဖွဲ့မှ ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်း၊ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးသုဝေ၊ မွန်ပြည်နယ် အမျိုးသားအဆင့်  နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှု ကော်မတီဝင်များ၊ မွန်ပြည်သစ်ပါတီ(NMSP)မှ နိုင်အောင်မင်းနှင့် အဖွဲ့ဝင်များတို့ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေက မွန်ပြည်နယ်၏ အမျိုးသားအဆင့်  နိုင်ငံရေးဆွေးနွေးပွဲကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အထူး စိတ်ဝင်စားသဖြင့် မိမိတို့အား စေလွှတ်ခြင်းဖြစ်ပြီး မိမိတို့ ကလည်း မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်သူလူထုကို အလေးထား၍ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မွန်ပြည်သစ်ပါတီ အနေဖြင့် အမျိုးသား အဆင့်  နိုင်ငံရေး ဆွေးနွေးပွဲကို ရေးမြို့နယ်၌ ကျင်းပရန် (၁၄) ကြိမ်မြောက် UPDJC အစည်းအဝေးက သဘောတူထားပြီးဖြစ်ကာ ယင်းအမျိုးသား အဆင့်  နိုင်ငံရေးဆွေးနွေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် မွန်ပြည်နယ် အမျိုးသား အဆင့်  နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီအား ဖွဲ့စည်းပေး ထားပြီးဖြစ်ကြောင်း၊ မွန်ပြည်သစ်ပါတီအနေဖြင့် အဆိုပါနိုင်ငံရေးဆွေးနွေးပွဲ ကို ကျင်းပကာ မွန်တိုင်း ရင်းသားတို့၏ လိုလား ချက်များနှင့် သဘောထားဆန္ဒများကို ထုတ်ဖော်ခွင့် ရရှိကြမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံရေးဆွေးနွေးပွဲများမှ ရရှိလာ သည့် မူဝါဒအဆိုပြုချက်များကို ဆွေးနွေးဆုံးဖြတ် အတည်ပြုပေးမည့် ပြည်ထောင်စုငြိမ်း ချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံတတိယ အစည်းအဝေးကိုနေပြည်တော်၌ ယခုနှစ် ဧပြီလကုန်၊ မေလဆန်းတွင် ကျင်းပရန် (၇) ကြိမ်မြောက် JICM အစည်းအဝေးက သဘောတူထားပါကြောင်း၊ (၂၁) ရာစုပင်လုံတတိယအစည်းအဝေး၌ ဆွေးနွေးမည့် အဓိကခေါင်းစဉ်ကြီး ငါးခုဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် မြေယာသဘာဝပတ်ဝန်းကျင် ဆိုင်ရာမူဝါဒကိစ္စရပ် များနှင့်ပက်သက်ပြီး ဆွေးနွေးရန် UPDJC အစည်းအဝေးက သတ်မှတ်ပေးထားပြီးဖြစ်ပါကြောင်း၊ (၂၁)ရာစု ပင်လုံ ဒုတိယအစည်းအဝေး၌ တင်သွင်းခြင်း မပြုရသေးသည့် အကြောင်းအရာများကို ဦးစားပေးဆွေးနွေးသွားရန် သဘောတူထားပါကြောင်း၊ အစိုးရသစ်လက်ထက်တွင် NCA လက်မှတ်ရေးထိုးလာသည့် မွန်ပြည်သစ် ပါတီ၏လူမျိုးအလိုက် အမျိုးသားအဆင့်  နိုင်ငံရေးဆွေးနွေးပွဲ ကို အောင်အောင် မြင်မြင်ဖြစ်စေ ချင်ပါကြောင်း၊

 

အစိုးရအပေါ် ယုံကြည်မှု နားလည်မှု အပြည့်ဖြင့် NCA တွင် လက်မှတ်ရေး ထိုး ပါဝင်လာသည့် မွန်ပြည်သစ်ပါတီအတွက် အစစအရာရာ အဆင်ပြေချောမွေ့အောင် အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန် တာဝန်ရှိပါကြောင်း၊ အခြားလိုအပ်ချက်များ ရှိလာပါကလည်း NRPC အနေဖြင့် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာ ToR, SOP များကို ရှင်းလင်းပြောကြားပြီး UPDJC(EAO အစုအဖွဲ့) ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်း က မွန်လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးမှု ရလဒ်ကောင်းများရရှိအောင် ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးကြ ရန်ဆွေးနွေးကာ UPDJC (နိုင်ငံရေးပါတီ များအစုအဖွဲ့) ကိုယ်စားလှယ် ဦးသုဝေက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ နိုင် ရေး စိတ်တူ ကိုယ်တူ စုပေါင်းကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးအကြံပြုသည်။

 

ဆက်လက်ပြီး မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်းက ရေးမြို့နယ်၌ ကျင်းပမည့် မွန်ပြည်သစ်ပါတီ(NMSP)၏ လူမျိုးအလိုက် အမျိုးသား အဆင့်  နိုင်ငံရေးဆွေးနွေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် ဆောင်ရွက်မည့်အစီအစဉ်များ ကို လည်းကောင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဆွေးနွေးပွဲ ဖြစ်မြောက်ရန် အတွက် လိုအပ်သည့်အကူအညီ၊ အထောက်အပံ့များကို ဖြည့်ဆည်းပေးမည့်အကြောင်းကို လည်းကောင်း၊ မွန်ပြည်နယ် အမျိုးသားအဆင့်  နိုင်ငံရေး ဆွေးနွေးပွဲကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဒေါ်နန်းစံဝင့်ခိုင်က ကော်မတီက ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း ကဏ္ဍအလိုက်ရှင်းလင်း ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။