ဖာပွန်ဒေသတွင် ဖြစ်ပွားခဲ့သည့် ထိတွေ့မှုဖြစ်စဉ်များ ညှိနှိုင်းဆောင်ရွက်ရန်အတွက် တပ်မတော်နှင့် KNU မှ ခေါင်းဆောင်များ ယခုမတ်လကုန်တွင် ကျောက်ကြီးမြို့ ၌ တွေ့ဆုံမည်

Printer-friendly versionSend by email

 


ရန်ကုန် မတ် ၂၂

 

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U) ၏  (၁၅)ကြိမ် မြောက် အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီကရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင်ါမြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရန်ကုန်ရုံးတွင်ဆက်လက်ကျင်းပခဲ့သည်။

 

ယနေ့အစည်းအဝေးအပြီးတွင် JMC-U နှစ်ရက်တာဆွေးနွေးမှု၊ မတ်လ ၅ ရက်နေ့က စတင်၍ ဖာပွန်ခရိုင်တွင် ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် KNUတပ်မဟာ(၅)တို့၏ ထိတွေ့မှုဖြစ်စဉ်များအပေါ်ဆောင်ရွက်နေမှုများကို JMC-U အတွင်းရေးမှူး(၁) ဒေါက်တာ ရွှေခါးရ်နှင့် JMC-U အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးဝဏ္ဏအောင်တို့က ပြည်တွင်းပြည်ပသတင်းမီဒီယာများအား တွေ့ဆုံ၍ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့သည်။

 

ဖာပွန်ခရိုင်အတွင်းရှိ လွယ်မူပလောနှင့် ခေးပူတွင် တပ်မတော်၏ ရှေ့တန်းစခန်းများ ရှိနေပြီး မိုးမကျမီ ရိက္ခာများပို့ဆောင်ရန်အတွက် တပ်မတော်ဘက်မှလမ်းဖောက်လုပ်မှုများ ပြုလုပ်ခြင်းကိုအကြောင်းပြု၍ KNU တပ်မဟာ (၅)နှင့် တပ်မတော်တို့ မတ်လ ၅ ရက်နေ့မှစတင်၍ ထိတွေ့မှုများရှိခဲ့သည်။

 

ထိတွေ့မှုများနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးဝဏ္ဏအောင်က လွယ်မူပလောနဲ့ခေးပူမှာ ကျွန်တော်တို့ရဲ့ ရှေ့တန်းစခန်းတွေ ထားရှိပါတယ်၊ ထားရှိတဲ့အခါမှာမိုးမကျမီ ရိက္ခာစုပုံရေးဆိုပြီး လုပ်ရပါတယ်၊ ရိက္ခာစုပုံဖို့အတွက် ယာဉ်တွေတက်နိုင်လောက်တဲ့ လမ်းကြောင်းဖောက်ရပါတယ်၊ ခေးပူနဲ့ လွယ်မူပလောကြားထဲမှာ ကရင်ရွာတွေ ရှိပါတယ်၊၁၁ ရွာလောက်ရှိတယ်လို့ သိရပါတယ်၊ကျွန်တော်တို့ တပ်မတော်အနေနဲ့ ရိက္ခာပို့ပြီးရင် ကိုယ့်နေရာ ကိုယ်ပြန်သွားကြမှာဖြစ်ပါတယ်၊ အခုလို လမ်းကြောင်း တစ်ကြောင်း ကျန်နေတာက ဒေသဖွံ့ ဖြိုးရေးအတွက် အများကြီး အထောက်အကူပြုပါတယ်၊ ဆိုင်ကယ်နဲ့ သွားလို့ လာလို့ရသွားမယ်၊ ဒါပေမယ့် တစ်ဖက်က ဒီလိုလမ်းဖောက်တာဟာ ဘာများလုပ်မလဲဆိုတဲ့ စိုးရိမ်စိတ်မျိုးပါ၊ တစ်ဖက်က ဒေသဖွံ့ ဖြိုးစေချင်တယ်၊ အုပ်ချုပ်ရေးအပိုင်းကိုကောင်းမွန်စွာ ဆောင်ရွက်လိုတယ်၊အဲဒီမှာ ညှိနှိုင်းမှုလိုသွားတဲ့ သဘောပါ၊ဒါကြောင့် ဒီနေ့ အကျေအလည် ဆွေးနွေးကြပြီး အရပ်သားကိုယ်စားလှယ်တွေကကြားဝင်ဆောင်ရွက်မယ်၊ တပ်မတော်ဘက်က ခေါင်းဆောင်တွေနဲ့ KNU ၊ KNLA(PC) ဘက်က ခေါင်းဆောင်တွေ ကျောက်ကြီးမှာ တွေ့ ကြမယ်ဆိုပြီးဆုံးဖြတ်ပါတယ်ဟု ဖြေကြားသည်။

 

(၁၅)ကြိမ်မြောက် JMC-U ၏ဒုတိယနေ့အစည်းအဝေးအပြီးတွင် ဖာပွန်ခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို ဖြေရှင်းနိုင်ရန်အတွက် JMC အဆင့်ဆင့်က အရပ်သားကိုယ်စားလှယ်များပါဝင်သည့် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ဖွဲ့စည်းကာ ဖြစ်ပွားခဲ့သည့်ပဋိပက္ခ ဖြစ်စဉ်ကို ညှိနှိုင်းဆောင်ရွက်ရန်၊ တပ်မတော်နှင့် KNU ၊ KNU - KNLA(PC)ခေါင်းဆောင်များသည် ယခု မတ်လ ၂၉ရက် (သို့မဟုတ်) ၃၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးတွင် တွေ့ဆုံဆွေးနွေးသွားကြရန် ဆုံးဖြတ်ခဲ့ကြသည်။

 

ထိတွေ့မှုဖြစ်စဉ်အပေါ် JMC ဆောင်ရွက်မှုနှင့်ပတ်သက်၍ ဒေါက်တာရွှေခါးရ်က  မတ်လ ၅ ရက်နေ့က စပြီးအသေးစားထိတွေ့မှုလေးတွေ ရှိလာပါတယ်၊ ဖြစ်လာတဲ့အခါမှာ ကျယ်ပြန့်မှုမရှိအောင် ကျွန်တော်တို့က ထိန်းနိုင်အောင်အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်၊အဓိကအားဖြင့် ပြီးခဲ့တဲ့ သုံးလေးရက်မှာပဲJMC ဘက်က ဆရာတော်စောမက်သယူးနဲ့ ဦးစောထူးဘလတ်တို့ကို စေလွှတ်ပြီးတပ်မဟာ (၅) တပ်မမှူးနဲ့ သွားရောက်တွေ့ဆုံ ခိုင်းပါတယ်၊ အဓိကက ကျွန်တော်တို့ တပ်မှူးအချင်းချင်း ကြားထဲမှာဆွေးနွေးတဲ့ အခင်းအကျင်းတစ်ခုတည်ဆောက်နိုင်အောင် ဆိုပြီးတော့ကြိုးစားခဲ့ပါတယ်၊ ရလဒ်ကောင်းလေးတွေရလာတာ ကျွန်တော်တို့ တွေ့ရပါတယ်ဟု ဖြေကြားသည်။

 

မတ်လအကုန် ကျောက်ကြီးမြို့နယ်တွင် နှစ်ဖက်တွေ့ဆုံရာ၌တပ်မတော်ဘက်မှ အကြီးအကဲများပါဝင်မည်ဖြစ်သကဲ့သို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တွင်လည်းတပ်မဟာ (၅)အပါအဝင် ဗဟိုအဆင့်တပ်မဟာမှူးများ ပါဝင်မည်ဖြစ်ကြောင်းဒေါက်တာ ရွှေခါးရ်ထံက သိရသည်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်ဘက်ကလည်း ဘာဖြစ်တာလဲဆိုတော့လမ်းဖောက်လုပ်တဲ့ ကိစ္စဖြစ်ပါတယ်၊ဘာလို့လမ်းဖောက်သလဲဆိုတော့ ငြိမ်းချမ်းရေးကို ပျက်စေချင်လို့၊ ထိုးစစ်ဆင်ဖို့အတွက် လုပ်တာမျိုး မဟုတ်ဘူးဆိုတာကို သေသေချာချာ ရှင်းလင်းပါတယ်၊ဟိုဘက် (KNU) ဘက်ကလည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင်တယ်ဆိုတဲ့ အထင်အမြင်နဲ့ပြန်ပြောတာ ရှိပါတယ်၊ ဒီကိစ္စတွေအကုန်လုံးကို နှစ်ဖက်တပ်မှူးတွေ တွေ့ဆုံပြီး ရှင်းလင်းမှ ပြေလည်နိုင်မယ်ဆိုပြီးယူဆတာကြောင့် နှစ်ဖက်တပ်မှူးများတွေ့ဆုံနိုင်ဖို့ ကြိုးစားပါတယ်၊ ဒါဟာတကယ်ကောင်းတဲ့ ရလဒ်တစ်ခုပေါ့ဟုထိတွေ့မှုဖြစ်စဉ်အပေါ် ဒေါက်တာ ရွှေခါးရ်က ဖြေကြားသည်။

 

ယနေ့ JMC-U အစည်းအဝေးတွင်ဖာပွန်ဒေသ၌ လမ်းဖောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မူဝါဒကိုတပ်မတော်ဘက်က ရှင်းပြခဲ့ကြောင်းသတင်းစာရှင်းလင်းပွဲမှ သိရသည်။

 

ယနေ့ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)၏ (၁၅) ကြိမ်မြောက်အစည်းအဝေးတွင် ငြိမ်းချမ်းရေးဖြစ်စဉ် ခိုင်မာစေရန်နှင့် ပိုမိုဖွံ့ ဖြိုးတိုးတက်မှုများပိုမိုရရှိစေရန် လေးလတစ်ကြိမ်ပြုလုပ်လျက်ရှိသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) အရပ်သား ကိုယ်စားလှယ်များစတုတ္ထအကြိမ် ညီလာခံကို ၂၀၁၈ ခုနှစ်ဇူလိုင်လ ဒုတိယပတ်တွင် ကရင်ပြည်နယ်ဖာပွန်တွင် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်းသိရသည်။