ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိအစည်းအဝေးသို့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ တက်ရောက်ရန်အတွက် ငြိမ်းချမ်းရေးကော်မရှင်ဖိတ်ကြား

Printer-friendly versionSend by email

ရန်ကုန် ဒီဇင်ဘာ ၂၈

လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်တွင် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစု ပင်လုံတတိယအစည်းအဝေးသို့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ တက်ရောက်နိုင်ရန် အဆိုပြု ဖိတ်ကြားခဲ့ပြီးညီလာခံတက်ရောက်ရန်အတွက် စာဖြင့် တရားဝင်ဖိတ်ကြားမှုကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးတွင်ကျင်းပသည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ (PC )တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက အဆိုပြု ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

 

ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲတွင် နာဂဒေသ တည်ငြိမ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ လာမည့် ၂၀၁၈ ဇန်နဝါရီ နောက်ဆုံးပတ်တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးသို့ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီအဖွဲ့အနေဖြင့် တက်ရောက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

 

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီသည် ၂၀၁၆ ခုနှစ် ဇူလိုင် ၂ ရက်တွင် (၂၁) ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီနှင့် တွေ့ဆုံခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်အဖြစ် ပြန်လည် တွေ့ဆုံခြင်းဖြစ်သည်။

 

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူး ဦးလှမောင်ရွှေက “ကျွန်တော်တို့ဘက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နဲ့ ပတ်သက်ပြီး စဉ်းစားပေးဖို့ပြောတယ်၊ သမ္မတ ဦးသိန်းစိန် လက်ထက်ကလုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို သူတို့တက်တယ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ပထမ အစည်းအဝေးနဲ့ ဒုတိယအစည်းအဝေးကိုတော့ သူတို့ တက်ရောက်နိုင်ခြင်းမရှိဘူး၊ (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးတက်ရောက်ဖို့ အကြိုဖိတ်ကြားတယ်၊ တရားဝင်စာနဲ့လည်း ဖိတ်ကြားမယ်လို့ ကျွန်တော်တို့ဘက်က အဆိုပြုခဲ့ပါတယ်၊ ဒါကြောင့် (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးကို နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီအနေနဲ့ တက်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်တယ်” ဟု ပြောသည်။

 

ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံရသည့် အကြောင်းရင်းကို အဆိုပါအဖွဲ့၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ အဖွဲ့ဝင် ဦးကျော်ဝမ်းစိန်က “ကျွန်တော်တို့ အစိုးရသစ်နဲ့ မတွေ့ဖြစ်ဘူး၊ ရန်ကုန်မရောက်တာ တစ်နှစ်ကျော်ကျော်ရှိပြီ၊ ဒါကြောင့် ငြိမ်းချမ်းရေးကော်မရှင်က တွေ့ဖို့လာခဲ့ပါဆိုပြီး ဒီနေ့ ရက်ချိန်းပေး တယ်၊ တွေ့ဆုံဖြစ်တဲ့ အကြောင်းရင်းက ကျွန်တော်တို့ ဒေသဖွံ့ဖြိုးတည်ငြိမ်အေးချမ်းချင်တယ်၊ နောက် တစ်ဖက်နဲ့ တစ်ဖက်က ဆက်ဆံမှုတွေ ယုံကြည်စိတ်ချရတာပေါ့၊ နယ်မြေ အခြေအနေက ကောင်းပါ တယ်၊ ဒါပေမယ့် ငြိမ်းချမ်းရေးကော်မရှင်နဲ့ ကျွန်တော်တို့က အမြဲတမ်းတွေ့ဆုံဖို့ လိုအပ်လို့ လာတွေ့ခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

 

နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA)တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော်လည်း ၂၀၁၂ ခုနှစ် ဧပြီလတွင် အစိုးရနှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု လက်မှတ်ရေးထိုးထားပြီး ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ တပ်မတော်နှင့် ထိတွေ့မှုများမရှိခဲ့ကြောင်း သိရသည်။

 

NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသည့်အပေါ် ဦးကျော်ဝမ်းစိန်က “ကျွန်တော်တို့ နာဂတွေ NCA လက်မှတ်မထိုးနိုင်တာက ကျွန်တော်တို့ ဒေသနဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေးအခြေအနေ ကိုက လက်မှတ်ထိုးဖို့ အခြေအနေမပေးလို့ မထိုးနိုင်ရခြင်း ဖြစ်ပါတယ်၊ ပြည်နယ်အဆင့် လက်မှတ် ရေးထိုးထားတယ်၊ နောက်အောက်ခြေအဆင့်မှာလည်း ထိတွေ့မှု မဖြစ်အောင် ကျွန်တော်တို့က ဆောင်ရွက်ကြပါတယ်၊ ဒါကို နိုင်ငံတော်အဆင့် လူကြီးတွေလည်း သဘောပေါက်ပါတယ်၊ ဒါပေမယ့် အမြဲတမ်းတော့ ဖိတ်ခေါ်နေပါတယ်၊ အိန္ဒိယဘက်က နာဂပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံထဲက နာဂပဲဖြစ်ဖြစ် နာဂလူထုကတော့ ငြိမ်းချမ်းမှုကို လိုချင်ကြပါတယ်၊ ကျွန်တော်တို့အဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းမှု ကိုလိုချင်ပါတယ်” ဟု ပြောသည်။

 

ယနေ့ ပြုလုပ်သည့် ဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ အကြံပေးနှင့် အထောက်အကူပြုအဖွဲ့ဝင်များ၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီမှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးအန်ကန့်၊ ဗဟိုကောင်စီဝင် ဦးကျော်ဝမ်းစိန်၊ ဦးစောထင်နှင့်  ရုံးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီသည် အိန္ဒိယနှင့် မြန်မာနယ်စပ်တွင်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဥက္ကဋ္ဌ ဦးကက်ပလန်သည် ၂၀၁၇ ခုနှစ် ဇွန်လဆန်းတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။