NCA-EAO ရုံးဖွင့်လှစ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦးကြိမ်ဖန်များစွာဆက်သွယ်နိုင်ပြီး ယုံကြည်မှု၊ ရင်းနှီးမှု၊ လေးစားမှုများ ရှိလာနိုင်ကာ ငြိမ်းချမ်းရေး၏ အနှစ်သာရများ ဖြစ်ပေါ်လာနိုင်စေ

Printer-friendly versionSend by email

 

ရန်ကုန် နိုဝင်ဘာ ၁၈

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ NCA-S EAO ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ရွှေလီလမ်း အမှတ်(၆)ရှိ အဆိုပါရုံးနေရာတွင် ကျင်းပသည်။

ရှေးဦးစွာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ခေါင်းဆောင်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်၊ Peace Support Programme Manager Mr. Manuel De Rivera တို့က အခမ်းအနားကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ခေါင်းဆောင်နှင့်ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုးက အဖွင့်အမှာစကား ပြောကြားရာတွင် NCA လက်မှတ်ရေးထိုးထားခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှု၏ ပထမဦးဆုံး လျှောက်လှမ်းရသည့်စမှတ်ဖြစ်ပြီး အတူတကွဖြတ်သန်းရမည့် ခရီးရှည်ကြီးမှာ အလွန်အရေးကြီးသည့် အထောက်အကူပြု ယန္တရား လိုအပ်ပါကြောင်း၊ ထို့ကြောင့် ယခုရုံးသည် EAO  ရှစ်ဖွဲ့အနေဖြင့် နိုင်ငံရေးအရ စုစည်းမှု၊ ညှိနှိုင်းဆောင်ရွက်မှု၊ စည်းလုံးမှုကို ပြသနိုင်သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်လျှောက်မှာ နည်းပညာအရသော်လည်းကောင်း၊ စီမံခန့်ခွဲမှုအရသော်လည်းကောင်း၊ နဗဥ အချင်းချင်းအကြား စနစ်ကျသည့် အထောက်အကူပြုယန္တရားအဖြစ် ဖော်ထုတ်နိုင်ပြီဖြစ်ပါကြောင်း၊ ယခုရုံးသည် မိမိတို့အကြား ညှိနှိုင်းဆောင်ရွက်မှုအား ကောင်းမွန်စေမည်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အဆိုပါရုံးသည် NCA လက်မှတ်ရေးထိုးထားကြသည့် အဖွဲ့အစည်းများကိုယ်စား ထူထောင်ထားသော်လည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရနှင့် ပြုလုပ်သည့် ကြားခံဆက်သွယ်ရေးယန္တရားတစ်ခု ဖြစ်သလိုငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ကြားခံဆက်သွယ်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက အမှာစကားပြောကြားရာတွင် ငြိမ်းချမ်းရေးခရီးစဉ်လမ်းသည်ရှည်လျားသော ခရီးစဉ်လမ်းတစ်ခုဖြစ်ကြောင်း၊ ယခုအခါတွင် NCA-S EAO ရုံးသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ရုံးနှင့် အနီးဆုံးနေရာတွင် တည်ရှိနေခြင်းကြောင့် ရှေ့ဆက်သွားရမည့် ငြိမ်းချမ်းရေးလမ်းအရှည်ကြီးကို တစ်စိတ်တစ်ဒေသ အားဖြင့် တိုတောင်းနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ဤရုံးရှိနေခြင်းအားဖြင့် အချိန်မရွေး တစ်ဦးနှင့်တစ်ဦးဆက်သွယ်နိုင်ပြီး ကြိမ်ဖန်များစွာ ဆက်သွယ်နိုင်ခြင်းသည်တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု၊ ရင်းနှီးမှု၊ လေးစားမှုများရှိလာနိုင်ခြင်းဖြစ်ပေါ်ပြီး ထိုမှတစ်ဆင့် ငြိမ်းချမ်းရေးခရီးစဉ်အတွက် ကောင်းမွန်သောအနှစ်သာရများ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ပြည်သူလူထု အားလုံးမျှော်မှန်းနေသော ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုကြီးကို ဆောလျင်စွာရရှိပါစေကြောင်း ပြောကြားသည်။

ဆက်လက်၍ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်နှင့် Peace Support Programme Manager Mr. Manuel De Rivera တို့က အမှာစကားပြောကြားပြီး ငြိမ်ချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ အဖွဲ့ဝင်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဦးဆောင်နာယက ခွန်ဥက္ကာက ကျေးဇူးတင်စကားပြောကြားသည်။

ယနေ့အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်ခဲ့သော အဖွဲ့ဝင်ဟောင်းများ၊ အလှူရှင်အဖွဲ့များ၏ ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ရှိ သံရုံးများမှ သံတမန်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

အခမ်းအနားအပြီးတွင် အဆိုပါရုံးဖွင့်ပွဲနှင့်ပတ်သက်၍သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ရာ မီဒီယာများ၏သိရှိလိုသည့် မေးမြန်းမှုများအပေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ အဖွဲ့ဝင်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဦးဆောင်နာယက ခွန်ဥက္ကာက ပြန်လည်ဖြေကြားသည်။

အခမ်းအနားတွင် NCA-S EAO များက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် မျှော်မှန်းလျက်မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အရှိန်အဟုန် ပိုမိုမြင့်မားလာအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ခိုင်မာသောသန္နိဋ္ဌာန် တစ်ရပ်ချမှတ်ထားကြောင်း၊ NCA မှာ အဆုံးသတ်ပန်းတိုင်မဟုတ်ဘဲနည်းလမ်းတစ်ခုသာဖြစ်ပြီး လက်ရှိနိုင်ငံရေးအခင်းအကျင်းတွင် NCA သည် သက်ဆိုင်ရာပါဝင်သင့် ပါဝင်ထိုက်သူအစုအဖွဲ့များအကြား အရေးကြီးသော နိုင်ငံရေးအဖြေများကို ရှာဖွေရာတွင် ရှေ့သို့ချီတက်ရန် အကောင်းဆုံးနည်းလမ်းတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများမှာငြိမ်းချမ်းရေးဖြစ်စဉ်တွင် အဓိက အရေးပါသူများဖြစ်ကြောင်း၊ NCA လက်မှတ်မထိုးရသေးသည့် EAO  များကို NCA လက်မှတ်ရေးထိုးထားသည့် EAO များက နွေးထွေးစွာကြိုဆိုပါကြောင်း စသည့် အချက်များပါဝင်သောသတင်းထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။