မူဘောင်၊ လုပ်ငန်းလမ်းစဉ်၊လုပ်ထုံးလုပ်နည်း အလုပ်အဖွဲ့အစည်းအဝေးကျင်းပ

Printer-friendly versionSend by email

 

နေပြည်တော် နိုဝင်ဘာ ၁၇

မူဘောင်(Framework)၊ လုပ်ငန်းလမ်းစဉ်(ToR)၊လုပ်ထုံးလုပ်နည်း(SoP) အလုပ်အဖွဲ့အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ ကျင်းပသည်။

အစည်းအဝေးတွင် အစိုးရ အစုအဖွဲ့ကိုယ်စားဦးခင်ဇော်ဦးက ယခုအစည်းအဝေးသည် ဆက်လက်ကျင်းပရန်ရှိသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအကြိမ်အောင်အောင်မြင်မြင်ကျင်းပနိုင်ရေးအတွက် ပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း၊ Framework  နှင့် ပတ်သက်ပြီး မိမိတို့လုပ်ငန်းစဉ်နှင့် ကိုက်ညီမည့် ပြုပြင်စရာများကို ဝိုင်းဝန်းဆွေးနွေးစဉ်းစားပြီး ညှိနှိုင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ToR များထဲမှ ပြုပြင်စရာ၊ ဖြည့်စွက်စရာများ ရှိနေသည့်အတွက် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင်ToRနှင့် ဆက်စပ်နေသည့် SoP များကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လာမည့်ညီလာခံမှာ အရေးကြီးသည့် အတွက် ယခုအစည်းအဝေးတွင် အားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့ ကိုယ်စားလှယ်ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက နိုင်ငံရေးဆွေးနွေးမှုအောင်မြင်ရန်အတွက် နိုင်ငံရေး ဆွေးနွေးမှု မူဘောင်မှာ အရေးကြီးပါကြောင်း၊ ယခု အစု အဖွဲ့အသီးသီးမှ တာဝန်ရှိသူများက လက်ရှိ နိုင်ငံရေးအခြေ အနေနှင့် ကိုက်ညီမည့် မူဘောင်တစ်ခုဖြစ်ပေါ်စေရေး အတွက် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံရေးပါတီအစုအဖွဲ့ကိုယ်စားလှယ်ခေါင်းဆောင် ဦးမြင့်စိုးက နိုင်ငံရေးပါတီများ အစုအဖွဲ့အနေဖြင့် နိုင်ငံရေးမူဘောင်ဆွေးနွေးရာတွင် ယခင်ကလည်း တက်တက်ကြွကြွပါဝင်ခဲ့ပါကြောင်း၊ ယခုလည်းတက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ယခုလိုဆောင်ရွက်ခြင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ငြိမ်းချမ်းရေးညီလာခံတွင် တိကျပြတ်သားသည့်အဖြေများရရှိပြီး မိမိတို့ မျှော်မှန်းသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကိုတည်ဆောက်ရာတွင် ယနေ့ဖြစ်ပေါ်နေသည့် ဒီမိုကရေစီလမ်းကြောင်းအတိုင်း ဆောင်ရွက်သွားနိုင်ရန် ဖြစ်ကြောင်းပြောကြားသည်။

ယင်းနောက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် အား Structure , Decision Making Concept, Composition, National Dialogue တို့နှင့် စပ်လျဉ်း၍ တက်ရောက်လာကြသူများက ဆွေးနွေးကြပြီး အစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးသို့ အစိုးရအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။