ညီညွတ်သောတိုင်းရင်းသားလူမျိုးစုဖက်ဒရယ်ကောင်စီက အဆိုပြုချက်အများစုကို သဘောတူညီမှုရရှိပြီး နောက်ဆက်တွဲအဖြစ် ညှိနှိုင်း၍ NCA လက်မှတ်ရေးထိုးမည်

Printer-friendly versionSend by email

ရန်ကုန် အောက်တိုဘာ ၂၄

ငြိမ်းချမ်းရေးကော်မရှင် (PC)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးစုဖက်ဒရယ်ကောင်စီ (UNFC) က ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့၏ သတ္တမအကြိမ်တရားဝင် အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)ရန်ကုန်ရုံး၌ ဆက်လက်ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရေးအချက် အပါအဝင် အစိုးရထံသို့အဆိုပြုတောင်းဆိုထားသည့် အချက် ကိုးချက်ကို ဆွေးနွေးသည်။

ဆွေးနွေးသည့် အဆိုပြုချက် ရှစ်ချက်အနက်အများစုကို သဘောတူညီမှုရရှိပြီးဖြစ်ကာ တောင်းဆိုထားသည့် အဆိုပြုချက် အချက်ငါးသည် တပ်ပိုင်းဆိုင်ရာကိစ္စများပါဝင်သောကြောင့် နှစ်ဖက် တပ်ပိုင်းဆိုင်ရာခေါင်းဆောင်များနှင့် ပြန်လည်ညှိနှိုင်း၍ လာမည့် နိုဝင်ဘာ၈ ရက်တွင် သတ္တမအကြိမ် အစည်းအဝေး အဆက်အဖြစ်ပြန်လည်ညှိနှိုင်းမည်ဖြစ်ကြောင်း DPN ဒုတိယအဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးက ပြောသည်။

နိုင်အောင်မငေးက ကျွန်တော်တို့ အဆိုပြုထားတဲ့ရှစ်ချက်ထဲမှာ အများစုက ပြီးပြတ်မှုရှိတယ်။ မပြီးပြတ်သေးတာက တစ်ပိုင်းတစ်စပါ။ အဲဒီအထဲမှာမှ နံပါတ်ငါးပဲ အရေးကြီးပါတယ်။ အဲဒီမှာမှ စကားဖော်ပြမှု၊ အဓိပ္ပာယ်သက်မှတ်ချက်အချို့က အခက်အခဲဖြစ်နေတာပါ။ နံပါတ် ငါးမှာက ကျွန်တော်တို့ ဆွေးနွေးမှုအစီအစဉ်တွေကို ကြိုတင်ပြီးတော့ သက်မှတ်ရအောင် ဆိုတာရှိတယ်။

အဲဒီဆွေးနွေးမှု အစီအစဉ်ထဲမှာ ၁၀ ချက်ရှိပါတယ်။ ဥပမာ-ကြားကာလအစီအစဉ်တို့၊ အဓိပ္ပာယ်ဖော်ပြချက်တို့၊ ပစ်ခတ်တိုက်ခိုက်မှု တပ်ပိုင်းဆိုင်ရာCoCတို့၊ လုပ်ငန်းလမ်းညွှန် ToR တို့မှာ အသေးစိတ်ပြန်ပြီးတော့ ဆွေးနွေးကြဖို့ နှစ်ဖက်သဘောတူထားတယ်။ နံပါတ်ငါးက စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ တာဝန်ရှိတဲ့သူတွေနဲ့ ကျွန်တော်တို့ပြန်ညှိမယ်။  DPN ထဲမှာလည်း သက်ဆိုင်ရာ အဖွဲ့အစည်းစစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ ပြန်ညှိမယ်။ အဲဒါတွေပြီးရင်နိုင်ဝင်ဘာ ၈ ရက်မှာ နိုင်ငံတော်နဲ့ ပြန်ညှိပါမယ်ဟုပြောသည်။

နိုဝင်ဘာ ၈ ရက်တွင် သတ္တမအကြိမ် အစည်းအဝေးနောက်ဆက်တွဲ အဖြစ်ဆွေးနွေးမည်ဖြစ်ပြီး UNFC တောင်းဆိုထားသည့် အချက်ရှစ်ချက်ကို သဘောတူညီမှုရရှိပါက နံပါတ် ကိုးအချက်ဖြစ်သည့် NCA လက်မှတ်ရေးထိုးနိုင်ရေးကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၈ ရက်မှာ ကျွန်တော်တို့ ဆွေးနွေးမှုပြီးပြတ်တဲ့အခါ ရှေ့ဆက်လုပ်ဖို့ အစီအစဉ်အသေးစိတ်ရှိလာမယ်။ ပြောထားတာက ရှစ်ချက်ကို ပြေလည်မယ်ဆိုရင် NCA လက်မှတ်ထိုးဖို့ အဆိုပြုချက် နံပါတ်ကိုးမှာအတိအလင်းဖော်ပြထားတာရှိပါတယ် ဟု နိုင်အောင်မငေးက ပြောသည်။

UNFC အနေဖြင့် NCAစာချုပ်တွင် လက်မှတ်ရေးထိုးရန် နီးစပ်မှုများရှိလာနေပြီဖြစ်သော်လည်း အပစ်ရပ်စဲမှု ပိုမိုခိုင်မာစေလိုသည့် သဘောမျိုးဖြင့် ယခုကဲ့သို့စီစဉ်ခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ် ဦးဇော်ဌေးက ပြောသည်။

ဦးဇော်ဌေးက ကျွန်တော်တို့ အပစ်အခတ် ရပ်စဲတယ်။ ရပ်စဲပြီးစာချုပ်တွေ ချုပ်ပြီးတဲ့အချိန်မှာ တချို့အခက်အခဲလေးတွေ ဖြစ်တယ်။ အပစ်အခတ် ရပ်စဲတာကို ခိုင်မာအောင်လုပ်ဖို့ အဆင့်ကျတော့ လုပ်ငန်းလမ်းညွှန် ToR တို့၊ လုပ်ထုံးလုပ်နည်း SoP တို့ ဆက်လုပ်တယ်။

အဲဒီလို လုပ်တာကလည်း စိတ်ကူးနဲ့ လုပ်ရတာဖြစ်တဲ့အတွက်ကြောင့် အချိန်နဲ့အမျှ အမြဲပြောင်းနေရတဲ့သဘောပါ။ UNFC ဘက်ကလည်း လက်မှတ်ထိုးပြီးတာတောင် ပဋိပက္ခတွေဖြစ်နေသေးတယ်ဆိုတဲ့ အမြင်ကလည်းရှိတယ်။ ဒါက ကမ္ဘာပေါ်မှာ လုပ်သမျှ အပစ်အခတ်ရပ်စဲရေးတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတယ်။ ဒါပေမယ့်UNFC အနေနဲ့လည်း သူတို့ ဝင်လာတဲ့အချိန် ဒါမျိုးတွေမဖြစ်အောင် ကြိုပြီး ပြင်ဆင်ချင်တဲ့ သဘောပဲ။ ဒါကိုစိုးရိမ်မှုရှိတယ်လို့ ဆိုလိုတာပါ ဟု ပြောသည်။

NCA  လက်မှတ်ရေးထိုးရန်အတွက် UNFC ၏အဆိုပြုမှု အချက်ခြောက်ဖြစ်သည့် နှစ်ဖက်သဘောတူလက်ခံသည့် နိုင်ငံတကာမှ ကိုယ်စားလှယ်များပါဝင်ရေးကိစ္စတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ( JMC) ၏ JMC Supportplatform  သွားမည်ဖြစ်ကြောင်း နိုင်အောင်မငေးထံမှ သိရသည်။

နိုဝင်ဘာ ၈ ရက်တွင် လက်ရှိ တင်ပြထားသည့် ဆွေးနွေးမှု ခေါင်းစဉ်များကို ဆွေးနွေး၍ သဘောတူညီမှုရရှိပါက NCA  လက်မှတ်ရေးထိုးပြီးသည်နှင့် လုပ်ငန်းအကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

တင်ပြထားတဲ့ ဆွေးနွေးမှုခေါင်းစဉ်ကို ဆွေးနွေးမယ်။ ခေါင်းစဉ်ရဲ့ အခြေခံမူတွေကို ဘယ်လိုသဘောထားမလဲ။ လုပ်ငန်းအကောင်အထည် ဖော်တာကျတော ့NCA  လက်မှတ်ထိုးပြီးမှ အကောင်အထည်ဖော်မယ်။ဒါကြောင့် နှစ်ဖက် သဘောထား ကြိုတင်ပြီးတော့ ရယူထားတယ် ဟု နိုင်အောင်မငေးက ပြောသည်။

DPN အနေဖြင့် တပ်မတော်၏သဘောထားကိုငြိမ်းချမ်းရေးကော်မရှင်၏ သဘောထားအဖြစ်သာ မြင်ပြီးယခု ဆွေးနွေးပွဲရလဒ်သည် တိုးတက်ကြောင်း ပြောကြားသည်။

ကျွန်တော်တို့ဆွေးနွေးတာက ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ပဲ မြင်ပါတယ်။ ဒီနေ့ဆွေးနွေးပွဲမှာ တပ်မတော်က ခေါင်းဆောင်လည်း ပါတယ်ဆိုတော့ ခေါင်းဆောင်ရဲ့အပြောအဆိုအရ တပ်မတော်ရဲ့ သဘောထားလည်းဒီထဲမှာ ပါဝင်တယ်။ တပ်မတော်ရဲ့ သဘောထားကငြိမ်းချမ်းရေးကော်မရှင်ထဲမှာ အကျုံးဝင်နေတော့ သိပ်ပြီးတင်းမာမှု မရှိပါဘူးဟု နိုင်အောင်မငေးက ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် DPN တို့၏သတ္တမအကြိမ် တရားဝင် အစည်းအဝေးသည် NCA လက်မှတ်ရေးထိုးရန် ကျော်ဖြတ်မည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဦးဇော်ဌေးက အခုအခြေအနေကငြင်းတဲ့ အဆင့်မဟုတ်တော့ဘူး။ ဘယ်လိုကျော်ဖြတ်မလဲဆိုပြီး နှစ်ဖက်စဉ်းစားတဲ့ အနေအထားရောက်လာပြီ။အကောင်းဆုံးအခြေအနေပါဟု သတင်းမီဒီယာ များအားဖြေကြားသည်။

ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့်ညီညွတ်သောတိုင်းရင်းသားလူမျိုးစုဖက်ဒရယ်ကောင်စီ (UNFC) ကဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN)တို့၏ သတ္တမအကြိမ် အစည်းအဝေးအပြီးတွင် အပိုဒ်လေးပိုဒ် ပါဝင်သော ပူးတွဲသတင်းထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင်အစည်းအဝေးတွင် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN)၏ အဆိုပြုချက် ကိုးချက်အပေါ်အခြေခံ၍ နှစ်ဖက်အကျေအလည် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA ) လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကျန်ရှိနေသေးသော ဆွေးနွေးညှိနှိုင်းမှု အစီအစဉ်များနှင့် ပတ်သက်၍ နိုဝင်ဘာ ၈ ရက်တွင် ဆက်လက်ဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်ပါသည်။

ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖြစ်စဉ်ကိုအတူတကွ ဖော်ဆောင်သွားကြရန် သန္နိဋ္ဌာန်ပြုကြောင်းထုတ်ပြန်အပ်ပါသည်ဟု ပါရှိသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အလျင်အမြန်အကောင်အထည်လုပ်ဆောင်နိုင်ရန်အတွက် အောက်တိုဘာ ၂၅၊ ၂၆၊ ၂၇ ရက်တို့တွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် NCA  လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့မှ ဖွဲ့စည်းထားသည့် ငြိမ်းချမ်ရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ ((PPST) သည် NCA  အကောင်အထည်ဖော်မှုပြန်လည်သုံးသပ်ခြင်းကို ရန်ကုန် NRPC ၌ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။