ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ နည်းပညာ အထောက်အကူပြုအဖွဲ့များ စည်းဝေး

Printer-friendly versionSend by email

ရန်ကုန် နိုဝင်ဘာ ၉

ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နည်းပညာအထောက်အကူပြုအဖွဲ့များ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(ရန်ကုန်)၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)၏ လက်ရှိအခြေအနေနှင့် ဆောင်ရွက်ထားမှုများအား JMC နည်းပညာအထောက်အကူပြုအဖွဲ့မှ ရှင်းလင်းတင်ပြခြင်း၊ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)၏ နည်းပညာ အထောက်အကူပြုအဖွဲ့မှ မရှင်းလင်းသည်များကို မေးမြန်းခြင်းနှင့် ပြန်လည်ဆွေးနွေးခြင်းများကို ပြုလုပ်ကြသည်။

 

“လက်ရှိ JMCရဲ့လုပ်ဆောင်နေတဲ့ လုပ်ငန်းပိုင်းအပေါ်မှာ သူတို့အနေနဲ့ မရှင်းလင်းတာတွေကို မေးမြန်းကြတယ်။ အဓိကအနေနဲ့ ကျွန်တော်တို့ပြန်ရှင်းပြရတာကတော့ JMC လုပ်ငန်းတွေ အားလုံးဟာ အစိုးရအနေနဲ့တစ်ဖက်သတ်ရေးလို့မရသလို အားလုံးစုပေါင်းပြီး သဘောတူညီမှုနဲ့ ရေးသားပြီးတော့ အကောင်အထည်ဖော်ရတာဖြစ်တယ်ဆိုတာကို ရှင်းပြရတာပါ။ ကျွန်တော်တို့ JMC လုပ်ထုံးလုပ်နည်းတွေကများတော့ ဒါတွေကိုနားလည်အောင် ရှင်းပြရတာပါ” ဟု ယနေ့ ဆွေးနွေးမှုနှင့်ပတ်သက်၍ JMC ၏ နည်းပညာအထောက်အကူပြုကော်မတီ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။

 

ဆက်လက်၍ ၎င်းက “အဓိကအနေနဲ့ အားလုံးကြားမှာ စိုးရိမ်နေတာက NCA လက်မှတ်ထိုးပြီး ရင်ရော တိုက်ပွဲတွေဖြစ်နေမှာလား၊ ဒါကိုမဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာကို စိုးရိမ်နေကြတယ်။ ဒီစိုးရိမ် စိတ်ကတော့တပ်မတော်နဲ့ အစိုးရဘက်မှာလည်း ဒီအတိုင်းပါပဲ။ JMC အနေနဲ့လည်း လက်မှတ်ထိုးပြီးတဲ့အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ရင် မကောင်းပါဘူး။ JMC ခိုင်မာဖို့အတွက် အားလုံးက ရည်မှန်းချက်တူတော့ ဆွေးနွေးရတာ အများကြီးအပြုသဘောဆောင်ပါတယ်” ဟု ပြောသည်။

 

အလားတူ နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) တတိယအကြိမ်အစည်းအဝေးကို ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးတွင် ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များ၏ အဆိုပြုချက်မှကျန်ရှိသည့် အချက်များအား ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) အနေဖြင့် NCA လက်မှတ်ရေး ထိုးနိုင်ရေးအတွက် အစိုးရထံသို့ အဆိုပြုချက် ရှစ်ခုတင်သွင်းထားပြီး ယင်းတို့အနက် လေးချက်ကို နှစ်ဖက်သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း သိရသည်။