ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်က မြန်မာနိုင်ငံနှင့် ပတ်သက်၍အစီရင်ခံစာထုတ်ပြန်မှုအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်ထုတ်ပြန်

Printer-friendly versionSend by email

 

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်က မြန်မာနိုင်ငံနှင့် ပတ်သက်၍အစီရင်ခံစာထုတ်ပြန်မှုအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်ထုတ်ပြန်

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် (Fact Finding Mission - FFM) က ဩဂုတ်လ ၅ ရက်နေ့တွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အစီရင်ခံစာထုတ်ပြန်မှုအပေါ် မြန်မာနိုင်ငံ၏ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်လိုက်သည်။ အဆိုပါ သတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

၁။ မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကောင်စီက အခြေအမြစ်မရှိသော စွပ်စွဲချက်များကိုအခြေခံ၍ အချက်အလက်ရှာဖွေရေးမစ်ရှင်(Fact Finding Mission - FFM) စတင်ဖွဲ့စည်းစဉ်ကပင် ဆန့်ကျင်ကန့်ကွက်ခဲ့ပါသည်။ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာကို အသိအမှတ်ပြုမည်မဟုတ် ကြောင်း မြန်မာနိုင်ငံ၏ရပ်တည်ချက်ကို ရှင်းလင်းထင်ရှားစွာ ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ပါသည်။ လူ့အခွင့်အရေးကိစ္စအပါအဝင် နိုင်ငံတကာအရေးကိစ္စရပ်များအား ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်ရေးကို အခြေခံ၍သာ ဆောင်ရွက်သင့်သည်ဟူသော ရပ်တည်ချက်ကို မြန်မာနိုင်ငံက ခိုင်မာစွာဆုပ်ကိုင်ထားပါသည်။ ပြေလည်အောင်ဖြေရှင်းဆောင်ရွက်ရန် လိုအပ်သော စိန်ခေါ်မှုများကို စီးပွားရေးပိတ်ဆို့အရေးယူမှုများဖြင့် ဖြေရှင်းနိုင်လိမ့်မည်ဟု မြန်မာ နိုင်ငံအနေဖြင့် မယုံကြည်ပါ။

၂။ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်လာလျှင် တာဝန်ယူ၊ တာဝန်ခံမှုများ ရှိရမည်ဆိုသည်မှာ မြန်မာနိုင်ငံ၏မူအရ ရပ်တည်ချက်ဖြစ်ပါသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စကို သီးခြား လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ဖွဲ့စည်းလျက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာ့တပ်မတော် အနေဖြင့်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ဆိုသော လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းကာ စစ်ဆေးလျက်ရှိပါသည်။ မြန်မာနိုင်ငံသည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးဆိုင်ရာ ကိုယ်ပိုင်ယန္တရားများ ဖွဲ့စည်းထားပြီးဖြစ်ပါသည်။ ထိုသို့ ပြည်တွင်း၌ ဖွဲ့စည်းဆောင်ရွက်ထားသည့် ယန္တရားများ ပြီးပြတ်ပြည့်စုံအောင် ဆောင်ရွက်စေခြင်းမပြုဘဲ အခြားယန္တရားများ ဖွဲ့စည်းဆောင်ရွက်ခြင်းကို မိမိတို့ဆန့်ကျင်ပါသည်။

၃။ လူ့အခွင့်အရေးကောင်စီအနေဖြင့် အချက်အလက်ရှာဖွေရေးမစ်ရှင် ဖွဲ့စည်းဆောင်ရွက်ခြင်းသည် ယင်း၏လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်ခြင်း ဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ခြင်းဖြစ်ပါသည်။ အချက်အလက်ရှာဖွေရေးမစ်ရှင်ကိုသော်လည်းကောင်း၊ ယင်း၏ အစီအရင်ခံစာကိုသော်လည်းကောင်း မိမိတို့ အသိအမှတ်ပြု လက်ခံမည် မဟုတ်ပါ။ မြန်မာအစိုးရအနေဖြင့် အချက်အလက်ရှာဖွေရေးမစ်ရှင်၏ နောက်ဆုံးထုတ် အစီရင်ခံစာနှင့် သုံးသပ်ချက်များကို ပြတ်ပြတ်သားသား ပယ်ချပါသည်။ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာသည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရှုမြင်သတ်မှတ်ပါသည်။ ထိုကဲ့သို့သော ဆောင်ရွက်ချက်များသည် ရခိုင်ပြည်နယ်တွင် လက်ရှိတွေ့ကြုံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် တစ်စုံတစ်ရာ အထောက်အကူ ဖြစ်စေနိုင်မည်မဟုတ်ဟု ယုံကြည်ပါသည်။

၄။ ရခိုင်ပြည်နယ်ရှိ စိန်ခေါ်မှုများကို တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ခြင်းဖြင့်သာ ဖြေရှင်းနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံက ယုံကြည်ထားပါသည်။ ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းများအတွင်း သဟဇာတဖြစ်ရေးကို  တည်ဆောက်ပေးခြင်း၊ ငြိမ်းချမ်း၊ တည်ငြိမ်၊ လုံခြုံစိတ်ချ၊ သာယာဝပြောသော ပတ်ဝန်းကျင်ကို  ဖန်တီးပေးခြင်း တို့သည်သာ မိမိတို့၏ လတ်တလောဦးစားပေးရည်မှန်းချက်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၁၉ ခုနှစ် ဩဂုတ်လ ၆ ရက်