လောက်ကိုင်ဒေသ၌ တပ်မတော်နှင့် MNDAAအဖွဲ့တို့ တိုက်ပွဲကြီး/ငယ် ၄၈ ကြိမ်ဖြစ်ပွားခဲ့

Printer-friendly versionSend by email

နေပြည်တော် မတ် ၁၃



ဖုန်ကြားရှင်နှင့် ဖုန်တာရွှင်ဦးဆောင်သည့်MNDAAလက်နက်ကိုင်အဖွဲ့သည် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှစ၍ ပွိုင့် -၂၁၄၅ သို့လည်းကောင်း၊ မတ် ၆ ရက် နံနက်အစောပိုင်းတွင် လောက်ကိုင်မြို့ပေါ်ရှိ တပ်စခန်းများ၊ ရဲစခန်းများနှင့် အများ ပြည်သူပိုင် အဆောက်အအုံနေရာများကို လည်းကောင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဓားပြတိုက်ခြင်း၊ ပြန်ပေး ဆွဲ လူသစ်စုဆောင်းခြင်း စသည့်လုပ်ရပ်များ လောက်ကိုင်ဒေသအတွင်း ထပ်မံ လုပ်ဆောင်လာခဲ့ သဖြင့် တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက် နယ်မြေရှင်းလင်းလျက်ရှိသည်။



MNDAAလက်နက်ကိုင်အဖွဲ့ အင်အား ၃ဝဝ ခန့်သည် မတ် ၆ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်မှ နံနက် ၃ နာရီခန့်အတွင်း အင်အားဖြန့်ခွဲ၍ ရန်လုံကျိုင်းရှိ တပ်စခန်းနှင့် ရဲစခန်းများ၊ လောက်ကိုင်မြို့ရှိ ကိုးကန့်ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးဝေဆန်း၏နေ အိမ်နှင့် နှစ်နိုင်ငံနယ်စပ်မှတ်တိုင်များအနီး လုံခြုံရေး ဆောင်ရွက်နေသည့် တပ်စခန်းများကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ပြီး အင်အား ၅ဝ ခန့်သည် အင်အား သုံး-လေးဦးခန့်ပါ အဖွဲ့ငယ်များခွဲ၍

လောက်ကိုင်မြို့အတွင်းရှိ ဖူလီလိုက်ဟိုတယ်၊ ကျင်ဖုဟိုတယ်နှင့် ကျင်ကျန်းဟိုတယ်တို့အား ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ ပြည်သူများ အား ပြန်ပေးဆွဲခြင်းနှင့် ဓားပြတိုက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး ပယ်စိမ်းဟိုတယ်ရှေ့ရှိ အများပြည်သူပိုင် မော်တော်ယာဉ် အစီး၂ဝ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။



ဖူလီလိုက်ဟိုတယ်ဖြစ်စဉ်တွင် MNDAA လက်နက်ကိုင် အဖွဲ့အင်အား ၄၅ ဦးခန့်က နံနက် ၃ နာရီခန့်တွင် ဟိုတယ်ဂိတ် ပေါက်ရှိ လုံခြုံရေးခန်း၌ ချိတ်ဆွဲထားသည့်မော်တော်ယာဉ် သော့များကိုသိမ်းဆည်းကာ ဟိုတယ်မှ ယွမ်ငွေ သိန်း ၃ဝဝဝ ခန့်ကို ဓားပြတိုက်ယူဆောင်၍ ဟိုတယ်ရှေ့၌ ရပ်ထားသည့် မော်တော်ယာဉ်များဖြင့် ဝန်ထမ်းအမျိုးသား ၁၂ဝ၊ အမျိုးသမီး ၂ဝဝ စုစုပေါင်း ဟိုတယ်ဝန်ထမ်း ၃၂ဝ ခန့်တို့ကို ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း။



ထိုသို့ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်စဉ် လိုက်ပါရန် ငြင်းဆန်ခဲ့သည့် ဝန်ထမ်းတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီး အမျိုး သမီးဝန်ထမ်းတစ်ဦးကို လည်း အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ထို့နောက် တောလမ်းမှတစ်ဆင့် ဖမ်းဆီးခေါ်ဆောင်ခဲ့ရာ တောင်ကုန်းတစ်ခု ၌ခေတ္တရပ်နားစဉ် တစ်ဖက်နိုင်ငံသား အမျိုးသမီးများမှအပ ကျန်အမျိုးသမီး ၅ဝ တို့ကို ၎င်းတို့အဖွဲ့အတွင်း တာဝန် ထမ်းဆောင်ရန် ရွေးချယ်ခဲ့ကြောင်း၊ ဖမ်းဆီးခံရသည့်ဝန်ထမ်း အမျိုးသား ၁၂ဝ အနက် တစ်ဖက်နိုင်ငံသား ၁ဝ ဦးကို ပြန်လည် လွှတ်ပေးခဲ့ပြီး ကျန် ၁၁ဝ နှင့် အမျိုးသမီး ၁၅ဝ ခန့်တို့ကို နန်စန်မြို့ သို့ မော်တော်ယာဉ်များဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း၊ အခြားဆက်စပ်သတင်းများအရ ဖမ်းဆီးသွားသူများကMNDAA လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားနေသည့် ကုန်းကြမ်း မြို့နယ်၊ ဟုန်အိုင်ဒေသသို့ နန်စန်မြို့မှတစ်ဆင့် ပို့ဆောင်၍ သင်တန်းများ တက်ရောက်စေမည်ဖြစ်ကြောင်း သိရှိရသည်။



အဆိုပါ MNDAA လက်နက်ကိုင်အဖွဲ့၏ လောက်ကိုင် ဒေသအတွင်း လုပ်ရပ်များကြောင့် အများပြည်သူပိုင်အဆောက် အအုံများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပြီး အရပ်သားတိုင်းရင်းသား ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရပ်သား တိုင်းရင်းသားပြည်သူ ၃၂ဝ ပြန်ပေးဆွဲ လူသစ်စုဆောင်းခံခဲ့ရ ကြောင်း၊ အရပ်သားတိုင်းရင်းသား ပြည်သူငါးဦးနှင့် ကိုးကန့် ယာဉ်ထိန်းရဲ ငါးဦးသေဆုံးခဲ့ရပြီး ကိုးကန့်ယာဉ်ထိန်းရဲလေးဦး ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း သိရှိရသည်။



မတ် ၆ ရက်မှ ၁၂ ရက်အထိ တပ်မတော်စစ်ကြောင်းများ က လောက်ကိုင်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် စဉ်ဆက် မပြတ် နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာMNDAA လက်နက်ကိုင်အဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ကြီး/ငယ် စုစုပေါင်း (၄၈) ကြိမ် ဖြစ်ပွားခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ရကာ အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။



ယနေ့အထိ နှစ်နိုင်ငံနယ်စပ်အနီး ပွိုင့်-၁ဝ၈၈ ၊ ပွိုင့်-၁၂၆၉၊ ဘီပီ ၁၂၆ နှင့် ဘီပီ ၁၂၇ အနီးတစ်ဝိုက် MNDAA လက်နက် ကိုင်အဖွဲ့များ အနေဖြင့် နှစ်နိုင်ငံနယ်စပ် နီးကပ်မှု တစ်လျှောက် တောင်ကုန်းတောင်ကြောနှင့် မြေအနေအထားအသာစီးရမှု အခွင့်ကောင်းရယူ၍ နယ်မြေရှင်းလင်းလျက်ရှိသည့် တပ်မတော် စစ်ကြောင်းများကို ရင်ဆိုင်ခုခံလျက်ရှိရာ တပ်မတော် စစ်ကြောင်းများကလည်း နယ်မြေအမြန်ဆုံး အေးချမ်းတည်ငြိမ်နိုင်ရေး ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။