(နိုင်ငံအတွက်အရေးကြီးသည့် သတင်းတစ်ပုဒ်ကို အေပီသတင်းဌာနက လွဲမှားစွာ ဖော်ပြခဲ့ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းနှင့် အမေးအဖြေ)

Printer-friendly versionSend by email

အေပီသတင်းဌာနက လွဲမားစွာ ဖော်ပြခဲ့သော သတင်းကြောင့် နိုင်ငံ့ပုံရိပ်ကို ညစ်ထေးစေခဲ့

 

(နိုင်ငံအတွက်အရေးကြီးသည့် သတင်းတစ်ပုဒ်ကို အေပီသတင်းဌာနက လွဲမှားစွာ ဖော်ပြခဲ့ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းနှင့် အမေးအဖြေ)

 

ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ASEM နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် မိန့်ခွန်းပါအရေးကြီးသည့်အချက်အလက်တစ်ခုကို နိုင်ငံတကာသတင်းဌာနကြီးတစ်ခုဖြစ်သည့် အေပီသတင်းဌာနက လွဲမှားစွာရေးသားဖော်ပြခဲ့ပါသည်။

 

ယင်းကိစ္စနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့သတင်းစဉ် သတင်းထောက်က မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းကိုဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

 

မေး - နေပြည်တော်မှာ မနေ့က ပြုလုပ်ခဲ့တဲ့ ASEM နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ မိန့်ခွန်းပါ အရေးကြီးတဲ့ အချက်အလက် တစ်ခုကို အေပီသတင်းဌာနက လွဲမှားစွာရေးသားဖော်ပြခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ နည်းနည်းရှင်းပြပါဆရာ။

ဖြေ - ဟုတ်ကဲ့၊ အားလုံးရှင်းအောင် အလွယ်တကူပြောရရင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်းအပြည့်အစုံကို ဒီနေ့ထုတ် The Global New Light of Myanmar အင်္ဂလိပ်သတင်းစာရဲ့ စာမျက်နှာ (၁၁) မှာ အပြည့်အစုံဖော်ပြထားပါတယ်။ အဲဒီမိန့်ခွန်းရဲ့ တတိယအပိုဒ် စာကြောင်းရေ (၄) မှာ "Conflicts around theworld are giving rise to new threats and emergencies; illegal migration, spread of terrorism and violent extremism, social disharmony and even the threat of nuclear war." လို့ဖော်ပြထားတာကို တွေ့ရပါမယ်။

 

ဆိုလိုတာကတော့ ကမ္ဘာအနှံ့မှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဟာ တရားမဝင် လူများရွှေ့ပြောင်းနေထိုင်ခြင်း၊ အကြမ်းဖက်ဝါဒပြန့်ပွားခြင်း၊ အကြမ်းဖက်အစွန်းရောက်ဝါဒ၊ လူမှုရေးသဟဇာတ ကင်းမဲ့ခြင်းနဲ့ နျူကလီးယားစစ်ပွဲ ခြိမ်းခြောက်မှု အန္တရာယ်အထိ ကြီးမားတဲ့ ခြိမ်းခြောက်မှုအသစ်တွေနဲ့ အရေးပေါ်အခြေအနေတွေကို ဖြစ်ပေါ်စေပါတယ်”လို့ အဓိပ္ပာယ်ရပါတယ်။

 

အဲဒါကို အေပီသတင်းက "illegal migration spreads terrorism…" လူများတရားမဝင် ရွှေ့ပြောင်း နေထိုင်ခြင်းက အကြမ်းဖက်မှုအမျိုးမျိုးကို ပြန့်ပွားစေတယ်”လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောတယ် ဆိုပြီး လုံးဝလွဲမှားစွာဖော်ပြခဲ့ပါတယ်။

 

ပြီးတော့ အဲဒီလွဲမှားတဲ့အချက်အပေါ် အခြေခံပြီး ဆိုးရွားတဲ့ ကောက်ချက်တွေ၊ သုံးသပ်ချက်တွေ ချခဲ့တယ်၊ အထူးသဖြင့် ဒီနေ့ နိုင်ငံတကာမှာ ကျွန်တော်တို့ နိုင်ငံရဲ့ပုံရိပ်ကို ညစ်ထေးစေတဲ့ ဘင်္ဂါလီကိစ္စနဲ့ပတ်သက်လို့ မမှန်မကန် သုံးသပ်ချက်တွေ အကြိမ်ကြိမ်လုပ်ခဲ့တယ်။ ဥပမာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဘင်္ဂါလီတွေ တရားမဝင်နေထိုင်ခြင်းဟာ ဆိုးရွားတဲ့ ပြဿနာအားလုံးရဲ့ အခြေခံပဲလို့ ပြောခဲ့သလိုမျိုး အဓိပ္ပာယ်ကောက်ခဲ့တယ်။

 

မေး - ဒီလိုလွဲမှားစွာ ရေးသားဖော်ပြချက်ဟာ ဘယ်လို အကျိုးဆက်များ ဖြစ်လာစေနိုင်ပါသလဲ။

ဖြေ - နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အပေါ်မှာရော၊ ကျွန်တော်တို့ တစ်မျိုးသားလုံးအပေါ်မှာပါ အင်မတန်ကြီးမားတဲ့ ဆိုးကျိုးကြီးတွေ ဖြစ်လာစေနိုင်ပါတယ်။ ဖြစ်လည်းဖြစ်နေပါပြီ။ အေပီဟာ အမေရိကန်မှာအခြေစိုက်တဲ့ ကမ္ဘာ့ဩဇာအကြီးမားဆုံးသတင်းဌာနတွေထဲက တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းတွေဟာ သူတို့ရဲ့ မူဝါဒတွေချမှတ်တဲ့အခါ နိုင်ငံတကာ သတင်းဌာနကြီးတွေရဲ့ ရေးသားဖော်ပြထားတာတွေကို အားကိုးတကြီး ကိုးကားအခြေခံတတ်ကြပါတယ်။

 

အဲဒီလို ကာလရှည်လျားစွာ နိုင်ငံတကာသတင်းဌာနကြီးတွေက အလွဲလွဲ အမှားမှား ရေးသားဖြန့်ချိခဲ့တဲ့ သတင်းအချက်တွေအပေါ်မှာ အခြေခံချမှတ်လိုက်တဲ့ မူဝါဒတွေကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ပုံရိပ်ဟာ လုံးဝပျက်စီးခဲ့ရပြီး၊ ဖိအားပေးမှု အမျိုးမျိုး၊ အကျပ်ကိုင်ခြိမ်းခြောက်မှု အမျိုးမျိုးကို ဒီနေ့ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ အခု အေပီရေးခဲ့တဲ့ သတင်းမှားကို အခုဆိုရင် ကမ္ဘာအနှံ့က သတင်းဌာန ဒါဇင်ပေါင်းများစွာက လက်ဆင့်ကမ်းဖြန့်ဝေခဲ့ပြီး၊ အဲဒီအပေါ်မှာ အခြေခံလို့ ပြင်းပြင်းထန်ထန် ဝေဖန်အပုပ်ချတာတွေ လုပ်နေကြပါပြီ။

 

မေး - အခုလို သတင်းလွဲမှားစွာ ဖော်ပြတာကို ဘယ်လို အရေးယူသင့်ပါသလဲဆရာ။

ဖြေ - ပထမဆုံးအမှန်ကို အမြန်ဆုံးရေးသားဖော်ပြရပါမယ်။ ပြီးတော့ သက်ဆိုင်ရာ နစ်နာသူတွေ၊ ဒီကိစ္စမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မြန်မာတစ်မျိုးသားလုံးကို လူသိရှင်ကြား တရားဝင် ဝန်ချ တောင်းပန်ရမယ်။ အဲဒီအမှားပြင်ဆင်ချက်နဲ့ တောင်းပန်စာကို သူတို့ဆီက သတင်းကို ဝယ်ယူခဲ့တဲ့ ကမ္ဘာအနှံ့က သတင်းဌာန အားလုံးမှာ ထည့်သွင်းဖော်ပြပေးဖို့လိုပါတယ်။

 

ကျေးဇူးတင်ပါတယ်။