ကမ္ဘာပေါ်မှာ ပြုပြင်ပြောင်းလဲမှုလုပ်နိုင်တဲ့ နိုင်ငံတွေထဲက မြန်မာနိုင်ငံနဲ့ အီသီယိုးပီးယားနိုင်ငံကို ကမ္ဘာ့ဘဏ်က ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး အကောင်းဆုံးဦးဆောင်နိုင်တဲ့ နိုင်ငံဖြစ်လို့ ရွေးချယ်လိုက်တာဖြစ်ပါတယ်

Printer-friendly versionSend by email

ဦးအောင်နိုင်ဦး

ရန်ကုန် နိုဝင်ဘာ ၂

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌အောက်တိုဘာ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် Investment Competitiveness Forum တွင် ကမ္ဘာ့ဘဏ်အုပ်စုက မြန်မာနိုင်ငံအား Star Reformers Award ဆုကို ချီးမြှင့်ခဲ့သည်။

 

အဆိုပါ Star Reformers Award ဆုကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာအောင် ဆွဲဆောင်နိုင်ခြင်း၊ ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ လွယ်ကူရှင်းလင်းအောင် ဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ နည်း ပညာများ၊ ပြည်တွင်းလုပ်ငန်းများသို့ လွှဲပြောင်း ရရှိစေခြင်း နှင့် ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာမှ အသိအမှတ်ပြု ရလောက်အောင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်း စသည့် အချက်များကို အခြေခံပြီး ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

Star Reformers Award ဆုချီးမြှင့်ခြင်းနှင့်စပ်လျဉ်း ၍ Investment Competitiveness Forum သို့ တက်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် မြန်မာ့ သတင်းစဉ်က တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ရပါသည်။

 

မေး။ ။ ကမ္ဘာ့ဘဏ်ကနေပြီး မြန်မာနိုင်ငံအစိုးရကို ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ထူးချွန်ဆု ပေးအပ်ချီးမြှင့် တယ်လို့ သိရပါတယ်။ ဘယ်လိုစံòန်းတွေနဲ့ ပေးအပ်သလဲ ဆိုတာ သိချင်ပါတယ်။

 

ဖြေ ။ ။ ကမ္ဘာ့ဘဏ်က ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ ဝန်းကျင်ကောင်း ဖြစ်လာအောင် ပြုပြင်ပြောင်းလဲမှု လုပ်တဲ့ နိုင်ငံတွေကို ပြန်လည်စိစစ်သုံးသပ်ပါတယ်။

 

စိစစ်တဲ့နေရာမှာ နိုင်ငံအသီးသီးက ပြုပြင်ပြောင်းလဲမှုတွေသည် သက်ဆိုင်ရာ နိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ကြီးစွာသော အထောက်အပံ့ဖြစ်ခြင်းက ပထမစိစစ်ချက်ဖြစ်ပါတယ်။ ဒုတိယ အချက်က ပြုပြင်ပြောင်းလဲမှုတွေနဲ့ သိသာထင်ရှားတဲ့ ရလဒ် တွေရရှိခြင်းပါ။ တတိယအချက်က က္ဘာ့ဘဏ်က ပြုစုထား တဲ့ ဆန်းစစ်ချက်တွေရဲ့ ရမှတ်တွေ အကျုံးဝင်ခြင်းပါ။ ဒီ(၃)ချက်ပေါ်မှာ အခြေခံပြီး ဆန်းစစ်တာ ဖြစ်ပါတယ်။ ဆန်းစစ်တဲ့ နိုင်ငံအသီးသီးအနက်က က္ဘာပေါ်မှာ ပြောင်းလဲမှုလုပ်နိုင် တဲ့နိုင်ငံထဲမှာ ဒီနှစ် ထူးထူးခြားခြား မြန်မာနိုင်ငံနဲ့ အီသီယိုး ပီးယား နှစ်နိုင်ငံကို က္ဘာ့ဘဏ်က ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့နိုင်ငံ ဖြစ်တယ် လို့ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

 

မေး ။ ။ ရင်းနှီးမြှုပ်နှံမှုဥပဒေ ထုတ်ပြီးတဲ့အခါမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေက ပိုပြီးဝင်လာတယ်။ အဲဒီအပေါ် မှာ မြန်မာနိုင်ငံ လက်ရှိရင်းနှီးမြှုပ်နှံမှုအခြေအနေကို ပြောပြပေးပါ။

 

ဖြေ ။ ။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး မနှစ်က ၂ဝ၁၆ အောက်တိုဘာ ၁၈ ရက်မှာ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဋ္ဌာန်းပြီးတော့ ဆက်တိုက်ပဲ လိုအပ်တဲ့ ကြေညာချက်တွေ ထုတ်တယ်။ နည်းဥပဒေတွေထုတ်ပြန်တယ်။ ထုတ်ပြန်ပြီး တစ်ဖက်ကလည်း ပြုပြင်ပြောင်းလဲမှု လုပ်ရင်းနဲ့ တစ်ဖက်က လည်း ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးတွေကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့တယ်။ ဆောင်ရွက်တော့ ဒီနှစ်မှာ သိသာထင်ရှားတဲ့ ရလဒ်ကတော့ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်အတွင်း ၂ဝ၁၇ ဧပြီ ၁ ရက်ကစပြီး စက်တင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေနဲ့ ခွင့်ပြုမိန့်ထုတ်ပေးလိုက်တာ၊ အတည်ပြု ပေးလိုက်တာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း ၄၁ဝဝ ကျော်လောက် ရှိပါတယ်။

 

အခုနှစ် လျာထားချက်က သန်းပေါင်း ၆ဝဝဝ ဖြစ်ပါတယ်။ သန်းပေါင်း ၆ဝဝဝ ကို ၁၂ လ လျာထားတဲ့ အထဲမှာ သန်းပေါင်း ၄ဝဝဝ ကျော်ကို ခြောက်လအတွင်း လုပ်နိုင်တဲ့အတွက်ကြောင့် ဒါသည် သိသာထင်ရှားတဲ့ ရလဒ်တစ်ခုပါ။ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ကြောင့် လုပ်ရကိုင်ရတာ ပိုပြီး လွယ်ကူ သွားတယ်။ ပိုပြီးရှင်းလင်းသွားတယ်။ နောက်ပြီး ရင်းနှီးမြှုပ်နှံသူတွေအနေ နဲ့ လုပ်ရကိုင်ရတာ ပိုပြီး အဆင်ပြေ ချောမွေ့သွားတယ်။ စိတ်ဝင်စားမှု များလာတယ်။ ရင်းနှီးမြှုပ်နှံမှု ပမာဏပိုတက် လာတဲ့ အနေအထားဖြစ်လာတယ်။ ပြုပြင်ပြောင်းလဲမှုရဲ့ ရလဒ် တစ်ခုလို့ ပြောလို့ရပါတယ်။

 

မေး ။ ။ ဒီဥပဒေ ထွက်လာပြီးတော့မှ ရင်းနှီးမြှုပ်နှံမှုတွေ ပိုများလာတယ်။ အဲဒါကြောင့် ဒီဆု ပေးအပ်တာရော ဟုတ်ပါသလား။

 

ဖြေ ။ ။ အဲဒါလည်း ဟုတ်ပါတယ်။ သူတို့ အကဲဖြတ်တဲ့ အချက်တွေက အများကြီးပါ။ ပြုပြင်ပြောင်းလဲ မှုရဲ့ ရလဒ်ထွက်ပေါ်လာမှုက ဘယ်လောက် သိသာထင်ရှား သလဲဆိုတာ အခြေခံ စဉ်းစားတဲ့အထဲမှာ အချက်တစ်ချက် ဖြစ်ပါတယ်။

 

မေး ။ ။ ဒီဆုရလာတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ ဘယ်လိုမျိုး ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက်သွားဖို့ရှိပါသလဲ။

 

ဖြေ ။ ။ တကယ်တော့ပြုပြင်ပြောင်းလဲမှုဆိုတာက ပြီးသွားတာ မဟုတ်ပါဘူး။ အမြဲတမ်း လုပ်နေရတဲ့ ကိစ္စဖြစ်ပါတယ်။ MIC အနေနဲ့ကတော့ လုပ်ငန်းတွေ ဆောင်ရွက် တဲ့အပိုင်းမှာ အစိုးရရဲ့ အေဂျင်စီ တစ်ခုအနေနဲ့ စည်းမျဉ်း စည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ ဒါတွေဒီထက် ပိုကောင်းအောင်၊ ပိုပြီး ရိုးရှင်း လွယ်ကူအောင်၊ တစ်ဖက်ကလည်း ရင်းနှီး မြှုပ်နှံသူတွေက စည်းကမ်းနဲ့ တိုင်းပြည်အတွက် အကျိုးရှိတဲ့ လုပ်ငန်းတွေ လုပ်နိုင်အောင်၊ စည်းကမ်းဥပဒေ အားကောင်း အောင် ဒါတွေကိုဆက်ပြီး ကြပ်မတ်ထိန်းကျောင်း လုပ်ကိုင် ပါမယ်။ နောက်တစ်ခုကလည်း ဥပဒေတွေနဲ့ ပတ်သက်ပြီး ဥပဒေကို အသက်ဝင်လာအောင် ဆောင်ရွက်တဲ့ ကိစ္စအားလုံး ကို ဆက်ပြီးလုပ်ပါမယ်။ ဒီထက်ပိုအရေးကြီးတာက ပရိုမိုးရှင်းကို MICက ဆက်ပြီးဆောင်ရွက်သွားဖို့ရှိပါတယ်။ ပရိုမိုးရှင်းက ဘာနဲ့ဆက်စပ်လဲဆိုရင် လုပ်ငန်းတွေ ပိုမိုလွယ်ကူချောမွေ့ အောင် လုပ်ဆောင်နိုင်ခြင်းနဲ့ ဆက်စပ်ပါတယ်။ MIC အဓိက ဆက်လုပ်မယ့် လုပ်ငန်းတွေကို ပိုင်းခြားရင် အပိုင်း ၄ ပိုင်း ရှိပါတယ်။ စည်းမျဉ်းစည်းကမ်းတွေကို ပိုမိုပြီး လုပ်သာ ကိုင်သာရှိလာအောင် လုပ်ငန်းရှင်တွေ စည်းမျဉ်းစည်းကမ်း အတိုင်း လိုက်နာ ဆောင်ရွက်စေအောင် ထိန်းကျောင်းတဲ့ အပိုင်းလုပ်ပါမယ်။ ဥပဒေကို ပိုပြီးထိရောက်အောင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ကိုင်ပါမယ်။ နောက်ဆုံး အချက်ကစီးပွားရေးလုပ်ငန်းတွေအားလုံး မြန်မာနိုင်ငံမှာ လုပ်တဲ့လုပ်ငန်းတွေအားလုံး ဒီထက်ပိုပြီး လွယ်ကူအောင် ဆက်ပြီးလုပ်သွားဖို့ရှိပါတယ်။

 

မေး ။ ။ မကြာခင်က ဖွင့်လှစ်လိုက်တဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီရုံးခွဲတွေ ဖွင့်လှစ်ထားခဲ့တဲ့အပေါ်မှာ ဘယ်လိုပရိုမိုးရှင်းတွေ လုပ်ဆောင်သွား မလဲဆိုတာ သိချင်ပါတယ်။

 

ဖြေ ။ ။ ရခိုင်ပြည်နယ်ရုံးက အောက်တိုဘာ ၃ဝ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်လှစ်တဲ့ ရည်ရွယ်ချက်က ရခိုင် ပြည်နယ်က အလားအလာကောင်းတွေ အများကြီးရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။

 

တစ်ဖက်ကလည်း ပြည်နယ်က တည်ငြိမ်မှုတွေလည်း ရှိနေပြီဖြစ်ပါတယ်။ သို့သော် ပြည်နယ် မှာရှိတဲ့ အလားအလာတွေကို အကောင်အထည်ဖော်နိုင်ဖို့ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာအောင် ပြည်တွင်းရော၊ ပြည်ပရော လိုအပ် ပါတယ်။ ဒါကြောင့် ပြည်နယ်မှာ ရုံးသွားဖွင့်ခြင်းဖြင့် ပြည်နယ် မှာရင်းနှီးမြှုပ်နှံမှုတွေ ပြည်နယ်ထဲမှာရှိတဲ့ စီးပွားရေးလုပ်ငန်း ရှင်တွေ ရန်ကုန်-နေပြည်တော် သွားစရာမလိုတော့ဘူး။ ပြည်နယ်ထဲမှာ ကုမ္ပဏီတွေ မှတ်ပုံတင်လို့ရတယ်။ ပြည်နယ် ထဲမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ အတည်ပြုပေးတယ်။ ၾႈဃ တင်ချင်တဲ့ကိစ္စတွေ ရန်ကုန် လာစရာမလိုဘူး။ ပြည်နယ်ရုံးမှာတင်ပြီး ပြည်နယ်ရုံးက ရုံးချုပ်ကို ဆက်ပို့ပေးမယ်။ လုပ်ငန်း ရှင်တွေ သက်သာအောင်လုပ်ပေးပါတယ်။ ပြည်နယ်အစိုးရကိုလည်း ရင်းနှီးမြှုပ်နှံမှု အထောက်အပံ့အကူအညီတွေ ပေးနိုင်အောင် ရည်ရွယ်ချက်နဲ့ လုပ်ပေးတာဖြစ်ပါတယ်။ ပြည်နယ် အလားအလာတွေကို အကောင်အထည်ဖော်လာအောင် ပြည်နယ်ရုံးက စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ချင်းပြည်နယ်ရုံးက နိုဝင်ဘာ ၂ဝ ရက်မှာ ဆက်ဖွင့်ပါမယ်။ ချင်းပြည်နယ်ရဲ့ လက်ရှိအနေအထားက နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုမရှိသေးတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုက အားနည်းနေတယ်။ ရုံးသွားဖွင့်ခြင်းအားဖြင့် ပြည်နယ်အစိုးရကလည်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကိစ္စတွေ၊ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်တဲ့ကိစ္စတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဌာနက လိုအပ်သလို ကူညီပေးမှာဖြစ်ပါတယ်။ ရည်ရွယ်ချက်က ပြည်နယ်မှာ လုပ်မယ့်ကိုင်မယ့် လုပ်ငန်းတွေ သက်သောင့်သက်သာ အချိန်ကုန် ငွေကုန် လူပင်ပန်း သက်သာပြီး လုပ်နိုင်ဖို့နဲ့ ပြည်နယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူဖြစ်ဖို့ ရည်ရွယ်ပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ် ပါတယ်။

 

မေး ။ ။ အဲဒီဒေသမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ပြည်တွင်း ပြည်ပကုမ္ပဏီတွေအတွက် အခွန်ကင်းလွတ်ခွင့်တွေ ဘယ်လိုသတ်မှတ်ပေးသွားမှာပါလဲ။

 

ဖြေ ။ ။ အခွန်ကင်းလွတ်ခွင့်ကတော့ ရင်းနှီးမြှုပ်နှံမှုဥပဒေမှာ ပါပြီးသားဖြစ်ပါတယ်။ အကြမ်းဖျင်းပြောရရင် ရခိုင်ပြည်နယ်ရော ချင်းပြည်နယ်မှာပါရှိတဲ့ မြို့နယ်တွေ အားလုံး က ဇုန်(၁)ထဲမှာ ပါပါတယ်။ ဇုန် ၁ မှာ ပါတဲ့အတွက် အဲဒီ ဒေသမှာသွားပြီး ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေသည် MIC က သတ်မှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်မှုကဏ္ဍမှာ ပါရင် ဝင်ငွေခွန် ကင်းလွတ်ခွင့် ခုနစ်နှစ်ရမှာဖြစ်ပါတယ်။ နိုင်ငံသား ရော နိုင်ငံခြားသားပါ ဝင်ငွေခွန် ကင်းလွတ်ခွင့် ခုနစ်နှစ်ပေး မှာဖြစ်ပါတယ်။ ရန်ကုန်မှာလုပ်တဲ့ လုပ်ငန်းတွေက သုံးနှစ်ပဲရ မယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ လုပ်တဲ့လုပ်ငန်းတွေ က ခုနစ်နှစ်ရမယ်။ သီးခြား ထူးခြားတဲ့ အခွင့်အလမ်းတွေ ပေးထားပါတယ်။

 

မေး။ ။ မြန်မာနိုင်ငံက ပထမဆုံး ဒီဆုရတဲ့အတွက် ဘာများ ပြောချင်ပါသလဲ။

 

ဖြေ ။ ။ တကယ်တမ်းပြောရရင် ဒီဆုရဖို့ မျှော်မှန်းပြီး လုပ်ခဲ့တာမဟုတ်ပါဘူး။ အစိုးရအနေနဲ့ ကိုယ့်တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးအဆင်ပြေချောမွေ့စေဖို့၊ ပိုပြီးလွယ်ကူ ရှင်းလင်းစေဖို့၊ နိုင်ငံသားတွေ ပိုအကျိုးရှိစေဖို့၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာစေဖို့ အဲဒီအပေါ် ဦးတည်ပြီး လုပ်သင့်လုပ်ထိုက်တာတွေ ပြင်သင့်ပြင်ထိုက်တာတွေကို နိုင်ငံတော်အစိုးရရဲ့ လမ်းပန်မှု၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ အကောင်အထည်ဖော်မှုတွေနဲ့ ဒါကို တစိုက် မတ်မတ် လုပ်ခဲ့တာပါ။ ဆုရမယ်လို့ မျှော်လင့်ချက် မထားခဲ့ပါဘူး။ ဆုရှိမှန်းတောင် မသိခဲ့ပါဘူး။ ဆုချီးမြှင့် ခံရခြင်း လျာထား တယ်ဆိုတဲ့ ကမ္ဘာ့ဘဏ်က စာပို့လိုက်မှ ရွေးချယ်လိုက်ပြီဆိုမှ ဒီဆုရှိမှန်း သိတာပါ။ ဒီဆုရဖို့ ရည်ရွယ်လုပ်တာ မဟုတ်ဘဲ တိုင်းပြည် စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ ရင်းနှီး မြှုပ်နှံမှု ပိုမိုလွယ်ကူစွာလုပ်နိုင်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့ ရင်းနဲ့ ကံအားလျော်စွာ ဒီဆုအတွက် ရွေးချယ်ခြင်းခံခဲ့ရတာ ပါ။ ကိုယ်လုပ်တဲ့ လုပ်ငန်းတွေ တစ်ဖက်ကကြည့်ရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတယ်။ မနှစ်ကထက်ယှဉ်ရင် ပိုပြီး သိသိသာသာ ဝင်လာတယ်။ ပိုပြီးရင်းနှီးမြှုပ်နှံလာတာ တွေ့ရ တယ်။ ဒီအပေါ်မှာလည်း ဝမ်းသာပါတယ်။ မြန်မာနိုင်ငံမှာ လာပြီး ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်တွေရော၊ ပြည်တွင်းလုပ်ငန်းရှင်တွေရော လုပ်ရကိုင်ရ ပိုလွယ်လာတယ်။ ပိုကောင်း လာတယ်ဆိုတဲ့ တုံ့ပြန်မှုတွေရလာပါတယ်။ အဲဒီ အတွက် ဝမ်းသာပီတိဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်အုပ်စုက ကျွန်တော်တို့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုပြီး ဆုပေးတဲ့အတွက် အတိုင်းထက်အလွန် ဝမ်းသာပါတယ်။ MIC အနေနဲ့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်သင့် လုပ်ထိုက်တာတွေကို ရင်းနှီးမြှုပ်နှံမှုကဏ္ဍကနေ တစိုက် မတ်မတ် ဆက်ပြီးလုပ်သွားမှာပါ။

 

မေး ။ ။ ဒီဆုကို ဘယ်လိုနိုင်ငံမျိုးတွေကို ပေးတာပါလဲ။

 

ဖြေ ။ ။ နိုင်ငံအရေအတွက် သတ်မှတ်ထားတာ မရှိပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင် နေတဲ့ ကမ္ဘာ့ဘဏ်အုပ်စုဝင် နိုင်ငံတွေအများကြီးထဲက အကဲ ဖြတ်ပြီး ပေးတာပါ။ အကဲဖြတ်တဲ့အခါ အမှတ်ကောင်းရတဲ့ အတွက် နှစ်နိုင်ငံရွေးတဲ့အထဲမှာ မြန်မာနိုင်ငံ ပါသွားတာ ဖြစ်ပါတယ်။

 

မေး ။ ။ ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေအပြင် အခြားဘာတွေ လိုအပ်ပါသလဲ။ အမြင်လေး သိပါရစေ။

 

ဖြေ ။ ။ တကယ်တော့ အစိုးရက အစီအစဉ်တကျ သွားနေပါတယ်၊။ အခုဒေသတွင်းတည်ငြိမ်မှုရအောင် ဦးစွာ တည်ဆောက်နေပါတယ်။ တည်ငြိမ်မှု အတိုင်းအတာတစ်ခုရ နေပြီဆိုတော့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင် နေပါတယ်။ ရင်းနှီးမြှုပ်နှံမှုအပိုင်းကတော့ တည်ငြိမ်ပြီ၊ ပြန်လည် ထူထောင်ပြီးပြီ ဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍက မပါလို့ မရတော့ဘူး၊ ရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍက ရခိုင်ပြည်နယ်ရဲ့ အနာဂတ်အတွက် တော်တော် အရေးကြီးပါတယ်။ ရခိုင် ပြည်နယ်အစိုးရက လုပ်ဆောင်နေတဲ့ စီမံကိန်းတွေ အများကြီး ရှိပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ ဆက်ပြီးအကောင် အထည်ဖော်ဖို့ စီမံကိန်းတွေရှိပါတယ်၊ အဲဒီစီမံကိန်းတွေကို အစိုးရတစ်ခုတည်း မလုပ်နိုင်ဘူး၊ ဒါ့ကြောင့် စီမံကိန်းတွေမှာ ပုဂ္ဂလိကရဲ့ ရင်းနှီးမြှုပ်နှံမှုတွေထည့်မှ ပိုပြီးအရှိန်အဟုန်မြန် လာမယ်။ ရခိုင်ပြည်နယ်ကို ခြုံပြီးပြောရရင် တည်ငြိမ်မှု အတိုင်း အတာတစ်ခုတော့ ရနေပြီ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေ အခုလည်းစနေပါပြီ။ ¶ဖြိုးတိုးတက်မှု ခြေလှမ်းစနေပြီလို့ သုံးသပ်ပါတယ်။ ဒါ့ကြောင့် ပြည်နယ်တွေရဲ့ လက်ရှိ အနေ အထားက အကောင်းဘက်ကို တစ်စတစ်စချဉ်းကပ်လာပြီလို့ သုံးသပ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုတွေ မကြာခင် ဆက်လက် ဖြစ်ပေါ်လာမယ်လို့မြင်ပါတယ်။

 

မေး ။ ။ ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။

 

ဖြေ ။ ။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေနဲ့ လုပ်ဆောင်ချက်တွေကို အများပြည်သူ သိနိုင်ဖို့ အချိန်နဲ့တစ်ပြေးညီ ဝက်ဘ်ဆိုက်ကထုတ်ပြန်ပေးတယ်။ သတင်း မီဒီယာတွေနဲ့တွေ့ပြီး ရှင်းလင်း ပြောကြားပေးတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ အခက်အခဲတွေ ဖြစ်လာရင်လည်း လိုအပ်တာ တွေကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးတယ်။MICကို မိမိ တို့ရဲ့ စီးပွားရေးအတွက် အသုံးပြုပါ။ တိုင်းဒေသကြီး၊ ပြည်နယ် တွေမှာ ရုံးတွေဖွင့်ထားပြီး ဖြစ်တဲ့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာရှိတဲ့ လုပ်ငန်းရှင်တွေက အဲဒီရုံးတွေကို အချိန် မရွေးသွားပြီး စီးပွားရေးလုပ်ငန်းတွေ ထူထောင်ဖို့၊ ချဲ့ထွင်ဖို့၊ အခက်အခဲတွေကို လိုအပ်သလို ကူညီပေးဖို့ ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ်လို့ အသိပေး ပြောကြားလိုပါတယ်။

 

ကမ္ဘာ့ဘဏ်အုပ်စုမှ Star Reformers Award, Strong Reformers Award နှင့်Aspiring Refor- mers Award စသည့် ဆုအမျိုးအစား သုံးမျိုး ချီးမြှင့်ခြင်း ဖြစ်ပြီး Star Reformers Award သည် ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများကို အသိသာအထင်ရှားဆုံး ပြုလုပ်နိုင်သည့် နိုင်ငံများကို ချီးမြှင့်သည့် အမြင့်ဆုံးဆုအမျိုးအစားဖြစ်ပြီး ယခု ၂ဝ၁၇ ခုနှစ်တွင် Star Reformers Award ကို မြန်မာနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့မှ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။