(၃၇) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းအပေါ် မြန်မာနိုင်ငံက ပြတ်သားစွာပယ်ချ

Printer-friendly versionSend by email

(၃၇) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီပုံမန်အစည်းအဝေးတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်အဆိုမူကြမ်းအပေါ် မြန်မာနိုင်ငံက ပြတ်သားစွာပယ်ချ

နေပြည်တော် မတ် ၂၄

ဂျီနီဗာမြို့၌ ၂၃-၃-၂ဝ၁၈ ရက်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၃၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွင်း ဥရောပသမဂ္ဂ(အီးယူ)မှ အဆိုပြုတင်သွင်းသည့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက် အဆိုမူကြမ်း တစ်ရပ်ကို အရေးယူဆောင်ရွက်ရန် အတွက် ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

 

ယင်းသို့ဆွေးနွေးရာတွင် အဆိုမူကြမ်းကို ဆုံးဖြတ်ခြင်းမပြုမီ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးထင်လင်းက မိန့်ခွန်း ပြောကြားခဲ့ရာ၌ အဆိုမူကြမ်းပါ မြန်မာနိုင်ငံအပေါ် ဝင်ရောက် စွက်ဖက်ရာရောက်သည့်စာပိုဒ်များ၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို တိုက်ရိုက် ခြိမ်းခြောက်ရာ ရောက်သည့် စာပိုဒ်များကို ထောက်ပြလျက် မူကြမ်းအား လက်မခံကြောင်းနှင့် ပြတ် သားစွာ ပယ်ချကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အကြောင်းအရာနှင့် အချက် အလက်လွဲမှားနေသည့် စာပိုဒ်များကိုလည်း ထောက်ပြခဲ့ပြီး မြေပြင်တွင် လက်တွေ့ဖြစ်ပေါ်တိုးတက်မှုများကိုလည်း အသိပေး ပြောကြားခဲ့သည်။

 

မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေဖြင့် မိန့်ခွန်းပြောကြားခဲ့ရာတွင် ဒီမိုကရေစီ သက်တမ်း နုနယ်သေးသည့် မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိရန် ကြိုးပမ်းရာတွင် စိန်ခေါ်မှုများကို ကြုံတွေ့ရလျက်ရှိကြောင်း၊ သို့ရာတွင် ယင်းစိန်ခေါ်မှုများကြောင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေးတို့အတွက် နိုင်ငံတော် အစိုးရ၏ ကြိုးပမ်းနေမှုများကို လမ်းလွဲသွားစေမည် မဟုတ် ကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုက်အဝန်း၏ အပြုသဘော ဝေဖန်မှုများကို ကြိုဆိုသော်လည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစေမည့် မည်သည့်ကြိုးပမ်းမှုမျိုး ကိုမဆို လက်ခံနိုင်မည်မဟုတ်ကြောင်း၊ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်း ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ စိန်ခေါ်မှုများကိုကျော်လွှားနိုင်ရန် အထောက်အပံ့ ဖြစ်စေမည့် အပြုသဘောဆောင်သော ချဉ်းကပ်မှုများအတွက် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ လက်တွဲ ဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်းတို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

 

လူ့အခွင့်အရေး ကောင်စီအဖွဲ့ဝင် တစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ ကိုယ်စားလှယ်က အဆိုပါ ဆုံးဖြတ်ချက် အဆိုမူကြမ်းသည် မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများကို ကျော်လွှား နိုင်ရန်အတွက် အထောက်အကူပြုစေမည်မဟုတ်သည့်အပြင် အခြေအနေကို ပိုမိုဆိုးရွားလာစေမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အဖွဲ့ဝင်နိုင်ငံ၏ လုပ်ပိုင်ခွင့်ကိုကျင့်သုံးလျက် အဆိုမူကြမ်းအား မဲခွဲရန် တောင်းဆိုခဲ့သည်။

 

ထို့နောက် အဆိုမူကြမ်းအား အဖွဲ့ဝင် (၄၇)နိုင်ငံပါဝင် သည့် လူ့အခွင့်အရေးကောင်စီတွင် မဲခွဲခဲ့ရာ၌ ထောက်ခံမဲ (၃၂) မဲ၊ ကန့်ကွက်မဲ (၅) မဲ၊ ကြားနေမဲ (၁ဝ) မဲဖြင့် အတည်ပြု ခဲ့သည်။ တရုတ်၊ ဘရွန်ဒီ၊ ကျူးဘား၊ ဖိလစ်ပိုင်နှင့် ဗင်နီဇွဲလား နိုင်ငံတို့က မြန်မာနိုင်ငံဘက်မှ ရပ်တည်လျက် ကန့်ကွက်မဲ ပေးခဲ့ကြပြီး၊ အန်ဂိုလာ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နီပေါ၊ တောင်အာဖရိက၊ ဂျပန်၊ ဆီနီဂေါ၊ ကင်ညာ၊ အီသီယိုးပီးယား၊ အီကွေဒေါနှင့် မွန်ဂိုလီးယားနိုင်ငံတို့က အီးယူ၏အဆို မူကြမ်းအား ထောက်ခံခြင်း မပြုဘဲ ကြားနေမဲပေးခဲ့ကြကြောင်း သိရှိရသည်။