မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား ၄၅၄၆၇၀ သိမ်းဆည်းရမိ

Printer-friendly versionSend by email

မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား ၄၅၄၆၇၀ သိမ်းဆည်းရမိ

 

နေပြည်တော် စက်တင်ဘာ ၇

 

မောင်တောမြို့နယ်၌ စက်တင်ဘာ ၆ ရက်တွင် စိတ်ကြွဆေးပြား လေးသိန်းခွဲကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ပူးပေါင်းအဖွဲ့က မောင်တောမြို့နယ် လသာကျေးရွာနေ ဆွေယော့ဒူးယောင်း(၄၀)နှစ်၏ နေအိမ်အား စက်တင်ဘာ ၆ ရက် ည ၁၀ နာရီတွင် သတင်းအရ ဝင်ရောက်ရှာဖွေရာ မီးဖိုဆောင်အတွင်း ထင်းပုံအောက်၌ မြေကျင်းတူး၍ ဝှက်ထားသည့် WY စိတ်ကြွဆေးပြား ၈၁၇၀ နှင့် နေအိမ်၏ အရှေ့ဘက်ကပ်လျက်ရှိ ၎င်း၏သမီးဖြစ်သူ မမီနာယာ (၂၂)နှစ်၏ နေအိမ်အိပ်ခန်းအတွင်း မြေကျင်းတူး၍ ဝှက်ထားသည့် WY စိတ်ကြွဆေးပြား ၄၄၆၅၀၀ စုစုပေါင်း စိတ်ကြွဆေးပြား ၄၅၄၆၇၀ (၁ ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် တန်ဖိုးငွေကျပ်ကျပ် ၉၀၉၃ ဒသမ ၄ သိန်း)ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

စစ်ဆေးဖော်ထုတ်ချက်အရ တစ်ရွာတည်းနေ ဆီရာဇူအီစ္စလာမ်(ခ)ကိုနိုင် (၄၀)နှစ်နှင့် ၎င်း၏ညီ ဖွေယော့ဇူအီစ္စလာမ်(၃၈)နှစ်တို့၏ ပစ္စည်းများဖြစ်ကြောင်းသိရှိရ၍ ဆက်လက်ရှာဖွေဖမ်းဆီးခဲ့ရာ ဆီရာဇူအီစ္စလာမ်(ခ)ကိုနိုင်အား ၎င်းနေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး ဖွေယော့ဇူအီစ္စလာမ်မှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့သဖြင့် ဆွေယော့ဒူးယောင်း၊ ဆီရာဇူအီစ္စလာမ် (ခ) ကိုနိုင်(ဖမ်းမိ)နှင့် ဖွေယော့ဇူ အီစ္စလာမ် (တိမ်းရှောင်)တို့ သုံးဦးအား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့်လည်းကောင်း၊ မမီနာယာအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က) ဖြင့်လည်းကောင်း မောင်တောမြို့မရဲစခန်း၌ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းနှင့် ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။