နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံ၍ နေရပ်စွန့်ခွာသွားသော ဟိန္ဒူဘာသာဝင် (၄၄၄)ဦးအား ဆောလျင်စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ရေး ထပ်မံပြောကြား

Printer-friendly versionSend by email

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား ခေါ်ယူတွေ့ဆုံ၍ နေရပ်စွန့်ခွာသွားသော ဟိန္ဒူဘာသာဝင် (၄၄၄)ဦးအား ဆောလျင်စွာ ပြန်လည်ပို့ဆောင်ပေးနိုင်ရေး ထပ်မံပြောကြား

နေပြည်တော် စက်တင်ဘာ ၆

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury အား စက်တင်ဘာ ၅ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ခေါ်ယူတွေ့ဆုံ၍ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိကြသည့် နေရပ်စွန့်ခွာသွားသူ ဟိန္ဒူဘာသာဝင် (၄၄၄)ဦးအား ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ဆောလျင်စွာ ပြန်လည်ပို့ဆောင်ပေး ရေးအတွက် ထပ်မံ တိုက်တွန်းပြောကြားခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် အမြဲတမ်းအတွင်းဝန်က နေရပ်စွန့်ခွာသွားသူများအား ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်ကို ဩဂုတ် ၂၂ ရက်တွင် စတင်နိုင်ရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြိုးပမ်းမှုကို အသိအမှတ်ပြုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ် ဆောလျင်စွာ စတင်နိုင်ရေးအတွက် နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံအမတ်ကြီးအား ပြောကြားခဲ့သည်။

ထို့ပြင် ဩဂုတ် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် "မည်သည့်လူမျိုး/ဘာသာဝင်ဖြစ်စေ မြန်မာနိုင်ငံသို့ အချိန်မရွေး ပြန်လို ပါက ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ဟန့်တားမည်မဟုတ်  ဟူသော ရပ်တည်ချက်"ကို ထည့်သွင်း ဖော်ပြခဲ့ကြောင်း၊ အမြဲတမ်းအတွင်းဝန်က ယင်းရပ်တည်ချက်နှင့်အညီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် လာရောက်လိုသူ ဟိန္ဒူဘာသာဝင် (၄၄၄)ဦးအား ဆောလျင်စွာ ပြန်လည်ပို့ဆောင်ပေးရန် သံအမတ်ကြီးအား ထပ်မံတိုက်တွန်းပြောကြားခဲ့သည်။

အမြဲတမ်းအတွင်းဝန်က အဆိုပါ ဟိန္ဒူဘာသာဝင် (၄၄၄) ဦးအနက် အချို့သည် နိုင်ငံသားပြုခွင့်လက်မှတ်ကို ကိုင်ဆောင်ထားကြကြောင်း ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးအား အသိပေးပြောကြားပြီး ပြန်လည်ပို့ဆောင်မှု ဆောလျင်စွာစတင်ရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။