နေရပ်စွန့်ခွာသူများလက်ခံရေးအစီအစဉ် ARSA ခြိမ်းခြောက်မှုကြောင့် အခက်အခဲ ဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား တွေ့ဆုံစဉ် ပြောကြား

Printer-friendly versionSend by email

နေရပ်စွန့်ခွာသူများလက်ခံရေးအစီအစဉ် ARSA ခြိမ်းခြောက်မှုကြောင့် အခက်အခဲ ဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား တွေ့ဆုံစဉ် ပြောကြား

နေပြည်တော် စက်တင်ဘာ ၄

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်Ms. Christine Schraner Burgenerအား ယခုမွန်းလွဲ ၁နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်ပို့ဆောင်ရေးတွင် ကြုံတွေ့နေရသော အတားအဆီးများအား ဖယ်ရှားနိုင်မည့်နည်းလမ်းများနှင့် ပတ်သတ်၍ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နေရပ်စွန့်ခွာသူများအား ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်တွင် အဓိကအတားအဆီးတစ်ရပ်မှာ နေရပ်သို့ မိမိသဘောအလျောက် ပြန်လိုသူများအား ARSA အကြမ်းဖက်အဖွဲ့ဝင်များက ခြိမ်းခြောက်တားဆီးနေမှုကြောင့် ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား သဘောတူညီချက်နှင့်အညီ သတ်မှတ်ပုံစံများကို နေရပ်ပြန်လိုသူများအား ဖြန့်ဝေဖြည့်စွက်ပေးပို့ရေး လုပ်ထုံးလုပ်နည်းများကို လိုက်နာမှုမရှိခြင်းမှာလည်း သြဂုတ်၂၂ရက်က စတင်ရန် သဘောတူခဲ့သည့် ပြန်လည်လက်ခံရေးအစီအစဉ် အထမမြောက်ခဲ့ရခြင်း၏ အခြားအကြောင်းရင်းတစ်ရပ် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း ရှင်းလင်းစွာ ဆန္ဒထုတ်ဖော် ပြသထားကြပြီးဖြစ်သည့် ဟိန္ဒူဘာသာဝင် နေရပ်စွန့်ခွာသူ ၄၄၄ဦးအား ဆောလျင်စွာ ပြန်လည်ပို့ဆောင်ပေးရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိုက်တွန်းပြောကြားပေး စေလိုကြောင်း မေတ္တာရပ်ခံသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဘက်တွင် နေရပ်ပြန်လာသူများအတွက် ပတ်ဝန်းကျင်အခြေအနေကောင်း ဖန်တီးပေးရေးအတွက် အာဆီယံအဖွဲ့နှင့် လည်းကောင်း၊ ကုလသမဂ္ဂအေဂျင်စီများနှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို လည်း အသိပေးပြောကြားခဲ့သည်။