ဒေသတွင်းနှင့် နိုင်ငံတကာအရေးမျက်နှာစာများ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေး၊ မြန်မာနိုင်ငံဘက်မှ ရပ်တည်ရေးသည် တရုတ်နိုင်ငံ၏ မူဝါဒရပ်တည်ချက်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု

Printer-friendly versionSend by email
 

 

ဒေသတွင်းနှင့် နိုင်ငံတကာအရေးမျက်နှာစာများ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေး၊ မြန်မာနိုင်ငံဘက်မှ ရပ်တည်ရေးသည် တရုတ်နိုင်ငံ၏ မူဝါဒရပ်တည်ချက်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု

နေပြည်တော် ဩဂုတ် ၂၇

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုမြှင့်တင်နိုင်ရန်အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်ခဲ့ရာ ပေကျင်းမြို့သို့ ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် နံနက် ၁၁ နာရီခွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိအား တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဒေသတွင်းနှင့် နိုင်ငံတကာအရေး မျက်နှာစာများ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ဆွေးနွေးကြသည်။ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့တွင် မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံ၏ ရပ်တည်မှုကို တန်ဖိုးထားကျေးဇူးတင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက မြန်မာနိုင်ငံဘက်မှ ရပ်တည်ရေးသည် တရုတ်နိုင်ငံ၏ မူဝါဒရပ်တည်ချက်ဖြစ်ပြီး ယင်းမျက်နှာစာများတွင် မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ အရေးကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးကြရာတွင် မစ္စတာ ဝမ်ယိက ယင်းကိစ္စကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား နှစ်နိုင်ငံချင်းသာ ဖြေရှင်းဆောင်ရွက်သင့် ကြောင်း တရုတ်နိုင်ငံ၏ မူဝါဒရပ်တည်ချက်ကို ပြောကြားသည်။ နေရပ်စွန့်ခွာသူများကိစ္စကို နှစ်နိုင်ငံချင်းသာ ဖြေရှင်းဆောင်ရွက်ရေးသည် မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့် ထပ်တူဖြစ်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားသည့် နှစ်နိုင်ငံသဘောတူညီချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည်သာလျှင် လက်တွေ့ကျပြီး ထိရောက်မှုရှိသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် မစ္စတာဝမ်ယိတို့သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် နှင့်စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြပြီး မစ္စတာဝမ်ယိက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခြင်းခံထားရသည့် မြန်မာအစိုးရ၏ ထိပ်တန်းဦးစားပေးအဖြစ် အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု ပြောကြားသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် မစ္စတာဝမ်ယိတို့သည် ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ စီမံကိန်းကို အရှိန်အဟုန်မြှင့်တင်၍ အကောင်အထည်ဖော်ဆောင်ရွက်ရေး အပါအဝင် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များကိုလည်း ဆွေးနွေးကြကြောင်း သိရသည်။