မြန်မာနိုင်ငံဘက်မှ စနစ်တကျပြင်ဆင်၍ အဆင်သင့်စောင့်ဆိုင်းခဲ့သော်လည်း နေရပ်စွန့်ခွာသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာခြင်းမရှိ

Printer-friendly versionSend by email

 

 

မြန်မာနိုင်ငံဘက်မှ စနစ်တကျပြင်ဆင်၍ အဆင်သင့်စောင့်ဆိုင်းခဲ့သော်လည်း နေရပ်စွန့်ခွာသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာခြင်းမရှိ

 

နေပြည်တော် ဩဂုတ် ၂၂

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် တာဝန်ရှိသူများသည် ဩဂုတ် ၂၁ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေ မြို့သို့ရောက်ရှိပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကိုကျင်းပရာ အစည်းအဝေးသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေးတွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူစာချုပ်ပါအတိုင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်က အဆင်သင့်ဖြစ်အောင် ဆောင်ရွက်ထားခဲ့ပြီးဖြစ်ကြောင်း၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ သဘာ၀ ဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre) နှင့် ASEAN ERAT အဖွဲ့တို့မှ တာဝန်ရှိသူများကလည်း ပြန်လည်လက်ခံရေးစခန်းများနှင့် လှဖိုးခေါင်ကြားစခန်း၏ လုပ်ငန်းဆောင်ရွက်မှုအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ သတင်းအချက်အလက်များ ဖြန့်ဝေရာတွင် ခိုင်မာ အားကောင်းမှုရှိစေခြင်း၊ အခြေခံဝန်ဆောင်မှုများ ထောက်ပံ့ခြင်း စသည့်ကိစ္စရပ်များ လိုအပ်သလို ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးထားပြီး စာချုပ်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အဆင်သင့်ရှိပါကြောင်း၊ ပြန်လည်ဝင်ရောက်လာသူများအား လက်ခံရာတွင် အရေးကြီးသည့် အပိုင်းဖြစ်သည့် မြန်မာနိုင်ငံအတွင်း၌ နေထိုင်ခဲ့ဖူးသူ ဟုတ်၊ မဟုတ် စိစစ် ပေးနိုင်ရန် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာ ဌာနအသီးသီးရှိ ဝန်ထမ်းများနှင့်အတူ ပြန်လည်လက်ခံရေးစခန်းများ ဖြစ်သည့် တောင်ပြိုလက် ဝဲ၊ ငါးခူရစခန်းများတွင် ရောက်ရှိ၍ တာဝန်ထမ်းဆောင်နေပြီ ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် တာဝန်ရှိသူများက နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေးအတွက် စနစ်တကျ ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးကြသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာ နိုင်ငံဘက်မှ အဆိုပြုသော နေရပ်စွန့်ခွာသူများ ပြန်လည် ပို့ဆောင်ရေးကို ယနေ့ (၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့)တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း နှစ်နိုင်ငံ ညှိနှိုင်းသဘောတူညီချက်ရရှိခဲ့သဖြင့် ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ဌာနဆိုင်ရာ အဆင်မြင့်အရာရှိများသည် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ သဘာ၀ဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre)နှင့် ASEAN ERAT အဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ရှိ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းက အသင့်ပြင်ဆင် စောင့်ဆိုင်းခဲ့ကြသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာခြင်းမရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့၏ နှစ်နိုင်ငံသဘောတူညီချက်အရ နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကိစ္စရပ်များကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှ စတင်ကာ အဆင်သင့်အနေထားဖြင့် လိုအပ်သည်များကို ကြိုတင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်ကလည်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူနှင့် ဦးစိုးအောင်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့ ဦးဆောင်သောအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသူများ ပြန်လည်ပို့ဆောင်မည်ဟု အကြောင်းကြားချက်အရ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ငါးခူရ ပြန်လည်လက်ခံရေးစခန်းနှင့် လှဖိုးခေါင်ကြားစခန်းများသို့ သွားရောက်ကာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး နှင့် ပြန်လည်နေရာချထားရေး ကိစ္စရပ်များကို သွားရောက် ဆောင်ရွက်ခဲ့သော်လည်း ပြန်လည်ဝင်ရောက်လာခြင်း မရှိခဲ့ကြောင်း သိရသည်။