မောင်တောခရိုင်အတွင်းရှိ မေယုတောင်ကျော်လမ်း သုံးလမ်း၊ ပန်းတောပြင်တံတားတည်ဆောက်ရေး လုပ်ငန်းနှင့် မောင်တော -အငူမော်လမ်းအား ဒုတိယဝန်ကြီး ဦးကျော်လင်း ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

 

မောင်တောခရိုင်အတွင်းရှိ မေယုတောင်ကျော်လမ်း သုံးလမ်း၊ ပန်းတောပြင်တံတားတည်ဆောက်ရေး လုပ်ငန်းနှင့် မောင်တော -အငူမော်လမ်းအား ဒုတိယဝန်ကြီး ဦးကျော်လင်း ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၁၃

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်လင်း နှင့် ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့သည် ဩဂုတ် ၁၁ ရက်က လမ်းအထူးအဖွဲ့(၁၇)က ဖောက်လုပ်နေသည့် မေယုတောင်ကျော်လမ်းဖြစ်သော ကြိမ်ချောင်း-ဂုပ္ပိလမ်း မိုင်တိုင်(၀/၆)အနီး တံတားအမှတ်(၁) ပေ၆၀ တံတားအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတား၏ဘေလီကြမ်းခင်းများအား ယခုမိုးရာသီအတွင်း ကားများ ဖြတ်သန်းနိုင်သည်အထိ အပြီးဆောင်ရွက်ပေးရန် မှာကြားသည်။

အဆိုပါလမ်းသည် အသစ်ဖောက်လုပ်ခြင်းဖြစ်ပြီး ၁၀ မိုင် ၅ ဖာလုံ ရှည်လျားသည်။ လက်ရှိအချိန်တွင် ထုအခြေခံလွှာ အမာခံလမ်းခင်းခြင်း ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီး တံတားစီမံကိန်းအထူးအဖွဲ့(၃)မှ တည်ဆောက်သော ပေ ၆၀ အထက် တံတားခုနစ်စင်းမှာ ပျမ်းမျှ ၇၀ ရာခိုင်နှုန်း ပြီးစီးကာ ပေ ၆၀၀ တံတားတစ်စင်းမှာ ခုနစ်ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဩဂုတ် ၁၂ ရက်တွင် တံတားစီမံကိန်းအထူးအဖွဲ့(၄)မှ တည်ဆောက်နေသော မောင်တော-အငူမော်လမ်း မိုင်တိုင်(၁/၀)အနီးရှိ ပေ ၂၄၀ အရှည် ပန်းတောပြင်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးသည်။ အဆိုပါတံတားမှာ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး လက်ရှိအချိန် တွင် ၇၈ ရာခိုင်နှုန်း ပြီးစီးနေကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လမ်းအထူးအဖွဲ့(၁၇)မှ ဖောက်လုပ်နေသည့် ဥဒေါင်း-ညောင်ချောင်းလမ်းစီမံကိန်း မိုင်တိုင်အမှတ် (၁/၂) အနီး တံတားတည်ဆောက်ရန်နေရာအား ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက တံတား Structural Design ပုံစံအား အတည်ပြုပေးကာ လမ်းသစ်ဖောက်လုပ်ခြင်းဖြစ်၍ မိုးတွင်းကာလ၌ ဖို့မြေနှင့် ဖြတ်မြေလုပ်ငန်းများအခြေအနေကို စောင့်ကြည့် ထိန်းသိမ်းပြုပြင်သွားရန် မှာကြားသည်။ အဆိုပါလမ်းမှာ ၁၀ မိုင် ၇ ဖာလုံရှိပြီး ၃၄ ပေ အကျယ် ဖို့မြေ၊ ဖြတ်မြေမြေလုပ်ငန်းနှင့် ပေ ၂၀ အကျယ်ထုအခြေခံလွှာ အမာခံလမ်းခင်း(၁၀၀ ရာခိုင်နှုန်း) ပြီးစီးပြီး ပေ ၅၀ အောက် Box Culvert ၅၈ စင်းတည်ဆောက်ရာတွင်လည်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ပန္ဒု- အင်းဒင်-စေတီပြင်(မေယုတောင်ကျော်)လမ်း မိုင်တိုင် (၀/၃)အနီး အမှတ်(၁)တံတား ပေ ၉၀ ကို လည်းကောင်း၊ မိုင်(၃/၀)အနီး အမှတ်(၂)တံတား ပေ ၁၈၀ ၏လုပ်ငန်းပြီးစီးမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မေယုတောင်ကျော်လမ်းများ ဖောက်လုပ်ရာ၌ လုံခြုံရေးသတိဖြင့် အထူးသတိထားဆောင်ရွက်သွားကြရန်နှင့် ကွန်ကရစ်လမ်းခင်းရာ၌ Mixed Ratioများ မှန်အောင် ဆောင်ရွက်သွားရန် မှာကြားသည်။ အဆိုပါလမ်းမှာ ၁၀ မိုင် ၇ ဖာလုံ ရှည်လျားပြီး ပေ ၂၀ အကျယ် အမာခံလမ်းခင်းခြင်း ၉မိုင်၊ ၁၈ ပေ အကျယ် ကွန်ကရစ် လမ်းခင်းခြင်း ၅မိုင် ၁ဖာလုံ၊ ပေ ၅၀ အောက်တံတား ၅၈ စင်းမှာ ၁၀၀ ရာခိုင်နှုန်းနှင့် ပေ ၅၀ အထက်တံတားရှစ်စင်းမှာ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီး စီမံကိန်းတစ်ခုလုံး၏ ၅၅ ရာခိုင်နှုန်း ပြီးစီးနေကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကျောက်ပန္ဒုမှ အငူမော်အထိ Asia World Co.,Ltd.မှ ကွန်ကရစ်လမ်းခင်းထားမှုအခြေအနေများကို လမ်းတစ်လျှောက် စစ်ဆေးခဲ့ကြောင်း သိရသည်။