အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မွန်ပြည်နယ်အတွင်း သဘာဝဘေး အန္တရာယ် ကျရောက်ခဲ့သည့် ဒေသများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

မော်လမြိုင် သြဂုတ် ၁၀



အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြ သည့် ဗိုလ်ချုပ်မြင့်နွယ်၊ ဦးတင်မြင့်၊ ဦးလှကျော်၊ ဦးစိုးအောင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်အတွင်း သဘာဝဘေး အန္တရာယ်ကျရောက်ခဲ့သည့် ဒေသများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။



ရှေးဦးစွာ ဒုတိယသမ္မတနှင့်အဖွဲ့သည် မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဓမ္မဗိမာန် တွင် ဖွင့်လှစ်ထားသည့် ကွပ်ကဲရေးရုံးသို့ရောက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူများက မွန်ပြည်နယ်အတွင်း သဘာဝဘေး အန္တရာယ် ကျရောက်ခဲ့မှုအခြေအနေ၊ သဘာဝဘေးသင့် ပြည်သူများအား ယာယီကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ကာ စောင့်ရှောက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။



ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဘီးလင်းမြို့ရှိ ငြိမ်းချမ်းရိပ်မြုံဓမ္မာစရိယ စာသင်တိုက်သို့ ရောက်ရှိပြီး ဆရာတော် ဘဒ္ဒန္တကောဝိဒအား လှူဖွယ်ဝတ္တု ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကာ ငြိမ်းချမ်းရိပ်မြုံ ဓမ္မာစရိယစာသင်တိုက်တွင် ဖွင့်လှစ် ထားသည့် ယာယီကယ်ဆယ်ရေးစခန်းရှိ သဘာဝဘေးသင့် ပြည်သူများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်သည်။



ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် ဘီးလင်းမြို့ရှိ စစ်ကိုင်းပရိယတ္တိ စာသင်တိုက်သို့ ရောက်ရှိပြီး စစ်ကိုင်းပရိယတ္တိစာသင်တိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး အလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူ ဒါန်းသည်။



ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် သြဂုတ် ၉ရက် က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့သည့် မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာသို့ သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ကျိုးစားပမ်းစား ဆောင်ရွက် နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ထောက်ပံ့ငွေများပေးအပ်ပြီး ဒုတိယသမ္မတက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အထူးအဖွဲ့များဖွဲ့စည်း၍ ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်ရန် လမ်းညွန်မှာကြားသည်။



ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် မုတ္တမတိုက်နယ် ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး ရေပြန်လည် ကျသွားပြီဖြစ်၍ သန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ မုတ္တမမြို့ မြစေတီနန်းဦး စာသင်တိုက်တွင် ယာယီဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း၌ မုတ္တမတိုက်နယ်ပြည်သူ့ဆေးရုံမှ လူနာများအား အားပေးစကားပြောကြားပြီး ထောက်ပံ့ ငွေနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ ပေးအပ်သည်။



ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မြစေတီနန်းဦးစာသင်တိုက်ဆရာတော် အား သွားရောက် ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သဘာဝဘေးအန္တရာယ်သင့် ပြည်သူများအား ထောက်ပံ့ငွေနှင့်စားနပ်ရိက္ခာများ ထောက်ပံ့ထားရှိမှု အခြေအနေနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းလျောက်ထားသည်။



ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် မုတ္တမမြို့ရှိ စေတဝန်ကျောင်း တိုက်တွင် ယာယီဖွင့်လှစ် ထားသည့် ကယ်ဆယ်ရေးစခန်းသို့သွားရောက်ပြီး မြေပြို ကျမှု ဖြစ်ပွားခဲ့သည့် သဲဖြူကုန်းကျေးရွာ သံဖြူရပ်ကွက်မှ သဘာဝဘေးသင့် ပြည်သူ များအား တွေ့ဆုံသည်။



ထိုသို့တွေ့ဆုံစဉ် ဒုတိယသမ္မတက သဲဖြူကုန်းကျေးရွာတွင် ယမန်နေ့က မမျော်လင့်သော မြေပြိုသည့် သဘာဝဘေးအန္တရာယ်ကို ကြုံတွေ့ခဲ့စားခဲ့ရသည့် ပြည်သူ များအတွက် ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါကြောင်း၊ ယခုအခါ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော ကူညီထောက်ပံ့ မှုများပေးရန် မိမိတို့ အဖွဲ့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ မမျှော်လင့်သည့် သဘာဝဘေး အန္တရာယ်များ ထပ်မံမကြုံတွေ့ရအောင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေးအတွက် ကြိုးပမ်းကြရမည် ဖြစ်ကြောင်း၊ သတိတရားဟူသည် ပိုသည်မရှိသဖြင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူလူထု အနေဖြင့် အမြဲသတိရှိစေရန် အသိပညာပေးခြင်း ဇာတ်တိုက်လေ့ကျင့်ခြင်းများ အမြဲဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် တစ်ဦးကောင်းတစ်ယောက်ကောင်း ဆောင်ရွက် ၍မရဘဲ တာဝန်ရှိ ဝန်ထမ်းများနှင့်အတူ ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ကြိုတင်ပြင်ဆင်ခြင်း ကာကွယ်ခြင်းလုပ်ငန်းများကို အလေးထားဆောင်ရွက်ခြင်းအားဖြင့် သဘာဝဘေးနှင့် ကြုံတွေ့ရ ချိန်တွင် ထိခိုက် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးနှင့်အသက်သာဆုံးဖြစ်မည်ဖြစ်ပါကြောင်း၊ လတ်တလော ရှာဖွေ ကယ်ဆယ်ရေးအတွက် လိုအပ်ချက်များကို ပံ့ပိုးပေးမည်ဖြစ်ပြီး ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။



ယင်းနောက် ဒုတိယသမ္မတသည် မြေပြိုကျမှုဖြစ်ပွားခဲ့သည့် သဲဖြူကုန်း ကျေးရွာမှ သေဆုံးခဲ့သူများနှင့် သဘာဝဘေးကြောင့်နေအိမ်များ ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။



ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထား သည့် မုတ္တမမြို့ရှိ မိုးကုတ်အဖွဲ့ခွဲ (၁၅၃) သို့ သွားရောက်ကာ သဘာဝဘေးသင့်ပြည် သူများနှင့် တွေ့ဆုံပြီး ရင်းရင်းနှီးနှီးအားပေးစကားပြောကြားပြီး ကြက်ဥ၊ ခေါက်ဆွဲ ခြောက်နှင့် ငါးသေတ္တာဘူးများ ထောက်ပံ့ပေးအပ်သည်။



ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်လမြိုင်မြို့ ကျိုက်သလ္လံစေတီ တော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ၂၀၁၈ခုနှစ် ဇွန်လက မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် စေတီတော်မြေထိန်းနံရံ ပျက်စီးခဲ့မှုအား ပြန်လည်ပြုပြင် မွမ်းမံရန်အတွက် အမျိုးသားသဘာဝဘေးရန်ပုံငွေမှ ငွေကျပ်သိန်း ၅၀၀အား ဒုတိယသမ္မတ က မွန်ပြည်နယ်ဝန်ကြီးချုပ်အား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။



ယင်းနောက် ဒုတိယသမ္မတသည် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လတ်မှတ်ရေးထိုးပြီး သီရိမင်္ဂလာပဌာန်းတန်ဆောင်းတွင် ဒုတိယသမ္မတအား မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျိုက်သ လ္လံစေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်မွမ်းမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။



ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်လမြိုင်မြို့ လှိုင်ရပ်ကွက် သဒ္ဒမ္မ စေတနာကျောင်းတိုက်တွင် ယာယီဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းသို့ သွားရောက်ကာ ရေဘေးသင့်ပြည်သူများအား အားပေးစကား ပြောကြားပြီး ထောက်ပံ့ ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ၊ ခေါက်ဆွဲခြောက်ထုတ်များနှင့့်် အဟာရမုန့်များ ထောက်ပံ့ပေး အပ်သည်။