ဒုတိယဝန်ကြီး ဦးကျော်လင်း မောင်တောဒေသတွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်လျက်ရှိသော အိုးထိန်းစခန်း၊ ကြိမ်ချောင်းတောင်စခန်းနှင့် လှဖိုးခေါင်ကြားစခန်း၊ သက္ကယ်ပြင်နှင့် ရွှေဇားအိမ်ရာစခန်းများအား ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

ဒုတိယဝန်ကြီး ဦးကျော်လင်း မောင်တောဒေသတွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်လျက်ရှိသော အိုးထိန်းစခန်း၊ ကြိမ်ချောင်းတောင်စခန်းနှင့် လှဖိုးခေါင်ကြားစခန်း၊ သက္ကယ်ပြင်နှင့် ရွှေဇားအိမ်ရာစခန်းများအား ကြည့်ရှုစစ်ဆေး



နေပြည်တော် ဩဂုတ် ၁၂

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့သည် ဩဂုတ် ၁၁ ရက်က ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ နေရာချထားရေးအတွက် မောင်တောဒေသတွင် အိမ်ရာများတည်ဆောက်လျက်ရှိသော အိုးထိန်းစခန်းသို့ ရောက်ရှိခဲ့ကြရာ စခန်းအဝင်လမ်း ကျောက်ချောလမ်းခင်းထားမှုနှင့် အိမ်ရာတည်ဆောက်မှုများအား စစ်ဆေးခဲ့ကြပြီး ဒုတိယဝန်ကြီးက အိမ်ရာများ ၁၀၀ ရာခိုင်နှုန်း ပြီးနေပြီဖြစ်သော်လည်း အိမ်ရာအဝင်မြောင်းကူးတံတားများ၊ အိမ်ရာအတွင်းလမ်းများ ဆောင်ရွက်ပေးရန်နှင့် မိုးတွင်း၌ ပျက်စီးမှုအခြေအနေများကို စောင့်ကြည့်ပြီး ပြုပြင်ပေးသွားရန် မှာကြားသည်။ အိုးထိန်းစခန်းတွင် နေရပ်စွန့်ခွာသွားသော တိုင်းရင်းသားများအတွက် UEHRD မှ အိမ်ရာ ၇၂ လုံး၊ ဂျပန်နိုင်ငံမှ အလုံး ၅၀ နှင့် လူထုအခြေပြုဗဟိုဌာနတစ်လုံး တည်ဆောက် ပေးထားရာ ၁၀၀ရာခိုင်နှုန်း ပြီးစီးနေပြီး စုစုပေါင်းအိမ်ရာ ၁၂၂လုံးမှာ အဆင်သင့် တက်ရောက်နေထိုင်နိုင်ပြီဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကြိမ်ချောင်းတောင်စခန်းတွင် တည်ဆောက်လျက်ရှိသော စခန်းအဝင်လမ်း ကျောက်ချောလမ်းခင်းထားမှုနှင့် စခန်းအတွင်း အိမ်ရာများတည်ဆောက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ကြိမ်ချောင်းတောင်စခန်းတွင် UEHRD မှ အိမ်ရာအလုံး ၁၀၀၊ အိန္ဒိယနိုင်ငံမှ အိမ်ရာအလုံး ၆၀၊ ဂျပန်နိုင်ငံမှ အိမ်ရာ ၅၁ လုံးနှင့် လူထုအခြေပြုဗဟိုဌာနတစ်လုံး တည်ဆောက်ကြရာ အားလုံး၁၀၀ရာခိုင်နှုန်း ပြီးစီးနေသဖြင့် စုစုပေါင်းအိမ်ရာ ၂၁၁လုံးမှာ နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာပါက နေထိုင်ရန် အဆင်သင့်ဖြစ်နေကြောင်း သိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာပါက ကြားစခန်း(Transit Camp)အဖြစ် ဆောင်ရွက်ထားရှိမည့် လှဖိုးခေါင်ကြားစခန်းသို့ ရောက်ရှိခဲ့ကြရာ စခန်းတာဝန်ခံညွှန်ကြားရေးမှူးက အဆောက်အဦးများ တည်ဆောက်ထားရှိမှုနှင့် ယခုနှစ်တွင် လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော အဆောက်အဦးအချို့အား ပြန်လည် ပြင်ဆင်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကြားစခန်းတွင် ယာယီနေထိုင်သူများအတွက် ကျွေးမွေးရေးအစီအစဉ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြင်ဆင်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။ ကြားစခန်းတွင် အဆောက်အဦး ၆၂၃လုံးရှိပြီး တစ်လုံးလျှင် မိသားစုရှစ်စု နေထိုင်နိုင်အောင် စီစဉ်ထားကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါစခန်းတွင် တရုတ် နိုင်ငံမှ လှူဒါန်းထားသော Assemble Board House အလုံး ၁၀၉၀ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ အလုံး ၉၀ မှာ နေရာချထားပြီး အုတ်ရေကန်၊ ရေဘုံပိုင်၊ အိမ်သာနှင့် မိလ္လာကန်များအားလုံး ဆောင်ရွက်ထားပြီး နေထိုင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း၊ အလုံး ၁၀၀ မှာ အဆင်သင့် တပ်ဆင်ထားပြီး နေရာချထားရန်သာ ကျန်ရှိကာ ကျန်အလုံး၉၀၀မှာ စခန်းအတွင်းထားရှိပြီး ပြန်လည်ဝင်ရောက်လာမည့် လူဦးရေအပေါ် မူတည်ပြီး လိုအပ်သလိုဆောင်ရွက်ပေးသွားရန် အဆင်သင့်ပြင်ထားကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သက္ကယ်ပြင်အိမ်ရာစခန်းနှင့် နေရပ်စွန့်ခွာသွားသော ဟိန္ဒူဘာသာဝင်များ နေထိုင်ရန်အတွက် ရွှေဇားအိမ်ရာစခန်းတွင် အိန္ဒိယနိုင်ငံမှ ဆောက်လုပ်လှူဒါန်းထားသော အိမ်ရာများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် မောင်တောခရိုင်မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပြီး မိမိတို့ကျရာတာဝန်မှာ စေတနာထားကာ အကောင်းဆုံး ဆောင်ရွက်သွားကြရန်၊ လုပ်ငန်းများအားလုံး အဆင်ပြေစေရန်အတွက် ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။