စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ ဘူးသီးတောင်၊ မောင်တောနယ်မြေသို့ သွားရောက်စစ်ဆေးခဲ့

Printer-friendly versionSend by email

 

စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ ဘူးသီးတောင်၊ မောင်တောနယ်မြေသို့ သွားရောက်စစ်ဆေးခဲ့

 

နေပြည်တော် ဩဂုတ် ၆

တပ်မတော်နည်းဥပဒေများနှင့်အညီဖွဲ့စည်းခဲ့သည့် ဥက္ကဋ္ဌ ဗိုလ်ချုပ်မြတ်ကျော် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့သည် ဘူးသီးတောင်နှင့် မောင်တောနယ်မြေအတွင်းရှိ ကွပ်ကဲမှုဌာနချုပ်များ၊ စစ်ဗျူဟာအခြေချအဖွဲ့၊ တပ်ရင်း တပ်ဖွဲ့များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့နှင့်ရဲစခန်းများ၊ အကျဉ်းထောင် နှင့် ကျေးရွာများသို့ နှစ်ကြိမ်သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့သည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ်မြေတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရန်အတွက် ဘူးသီးတောင်နယ်မြေအတွင်းရှိ ကွပ်ကဲမှုဌာနချုပ်တစ်ခုအပါအဝင် တပ်ရင်း/တပ်ဖွဲ့ သုံးခု၊ ရဲစခန်းသုံးခု၊ အကျဉ်းထောင်တစ်ခုနှင့် ကျေးရွာငါးရွာတို့ကို လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ပထမအကြိမ် သွားရောက်စစ်ဆေးခဲ့ ကြောင်း။

စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့သည် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၅ ရက်တွင် ဘူးသီးတောင်၊ မောင်တောနယ်မြေအတွင်းရှိ ကွပ်ကဲမှုဌာနချုပ်တစ်ခု၊ စစ်ဗျူဟာအဖွဲ့(အခြေချ)တစ်ခုအပါအဝင် တပ်ရင်းသုံးခု၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှစ်ခု၊ ပြည်နယ်ရဲတပ်ဖွဲ့တစ်ခုနှင့် ကျေးရွာ ၂၂ ရွာတို့သို့ သွားရောက်၍ လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများကို ဒုတိယအကြိမ်ပြုလုပ်ခဲ့ပြီး ဩဂုတ် ၅ ရက်တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ စစ်ဆေးဆောင်ရွက်ရာတွင် ဥပဒေအကြံပေးအဖွဲ့၏ အကြံပြုချက်များကို ရယူဆောင်ရွက်ခဲ့ကြောင်းနှင့် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။