နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်သော အဆင့်မြင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားရှိ နေရပ်စွန့်ခွာသွားသူများနှင့် တွေ့ဆုံ

Printer-friendly versionSend by email

 

 

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်သော အဆင့်မြင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားရှိ နေရပ်စွန့်ခွာသွားသူများနှင့် တွေ့ဆုံ

 

နေပြည်တော် ဇူလိုင် ၃၁

 

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်သော အဖွဲ့ဝင်ကိုးဦးပါ အဆင့်မြင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre မှ ကိုယ်စားလှယ်များပါဝင်သည့် ASEAN-ERAT အဖွဲ့ဝင်များနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇူလိုင် ၂၇ ရက်မှ ၂၉ ရက်အထိ သွားရောက်ခဲ့သည်။

မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ASEAN-ERAT အဖွဲ့ဝင်များနှင့်အတူ ဇူလိုင် ၂၇ရက် နံနက်ပိုင်းတွင် ဒါကာမြို့မှကော့စ်ဘဇားသို့ လေကြောင်းခရီးဖြင့်သွားရောက်ခဲ့ပြီး ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းအမှတ်(၄)တွင် ဒုက္ခသည်စခန်းများမှ နေရပ်စွန့်ခွာသူ ၅၀ ခန့်နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးလွင်ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန တောင်အာရှဆိုင်ရာòန်ကြားရေးမှူးချုပ် Mr.Md.Delwar Hossain၊  မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Mr.Manjurul Karim Khan Chowdhury၊ ဒုက္ခသည်များကယ်ဆယ်ရေးနှင့် နေရပ်သို့ပြန်လည်စေလွှတ်ရေးဆိုင်ရာ မဟာမင်းကြီး Mr.Md Abul Kalam နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဆက်လက်ပံ့ပိုးမည့်လုပ်ငန်းများရှင်းလင်း

အမြဲတမ်းအတွင်းဝန်ဦးမြင့်သူက ပြန်လည်နေရာချထားရေးအတွက် စီစဉ်ထားရှိမှု၊ အဆောက်အဦ;များဆောက်လုပ်ထားရှိမှု၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အဆင့်ဆင့်၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအစီအမံများ၊ ကျန်းမာရေး၊ပညာရေး၊ နိုင်ငံသားဖြစ်မှု၊ NVC ကတ်ကိုင်ဆောင်မှု၏ အကျိုးများ၊ အလုပ်အကိုင် အခွင့်အလမ်းများ၊ လူမှုအသိုက်အဝန်းများအကြား သဟဇာတ ရှိစေရေး  ဆောင်ရွက်ထားရှိမှုများကို အသိပေး ပြောကြားခဲ့သည်။ ASEAN-ERATအဖွဲ့ဝင်များကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကနဦး ကွင်းဆင်းစစ်ဆေးမှုဆောင်ရွက်ခဲ့မှုနှင့် အာဆီယံမှဆက်လက်ပံ့ပိုး ဆောင်ရွက်သွားမည့် လုပ်ငန်းရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

အမြဲတမ်းအတွင်းဝန်သည် မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ပြုစုထားသည့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ဆိုင်ရာ Factsheet များကို ဒုက္ခသည်များကယ်ဆယ်ရေးနှင့် နေရပ်သို့ ပြန်လည်စေလွှတ်ရေးဆိုင်ရာမဟာမင်းကြီး Mr.Md Abul Kalam ထံ နေရပ်စွန့်ခွာသူများအကြား ဖြန့်ဝေပေးရန် ပေးအပ်ခဲ့ပြီး ရှင်းလင်းပွဲများသို့ တက်ရောက်လာသည့် နေရပ်စွန့်ခွာသူကိုယ်စားလှယ်များကိုလည်း ဖြန့်ဝေပေးခဲ့သည်။ထိုနေ့ ညနေပိုင်းတွင် မြန်မာဘင်္ဂလားဒေ့ရှ် လုပ်ငန်းအဖွဲ့ဝင်များတွေ့ဆုံပြီး နေရပ်စွန့်ခွာသွားသူများအားပြန်လည်စိစစ်ရေး လုပ်ငန်းစဉ်တွင်တွေ့ ကြုံရသည့် အခက်အခဲများ လိုအပ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

နေရပ်စွန့်ခွာသွားသူများအား တွေ့ဆုံ

ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင်အမြဲတမ်းအတွင်းဝန် ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့သည် ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်း အမှတ်(၄)သို့ထပ်မံသွားရောက်ခဲ့ကာ နေရပ်စွန့်ခွာသွားသူများအား တွေ့ဆုံခဲ့ပြီး နေရပ်စွန့်ခွာသူများနှင့် ဆက်လက်ထတွေ့ ဆောင်ရွက်သွားရေး၊ နိုင်ငံသားဖြစ်မှု၊လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့နှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

အမြဲတမ်းအတွင်းဝန်မှ ၁၉၈၂ ခုနှစ်၊နိုင်ငံသားဥပဒေတွင် နိုင်ငံသားပြုခွင့်(ပြုနိုင်ငံသား) ပါဝင်ကြောင်း၊ နေရပ်စွန့်ခွာသူများအနေဖြင့် နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ နေရပ်ပြန်နိုင်ရေး မိမိကိုယ်တိုင်စဉ်းစားဆုံးဖြတ်ရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ASEAN-ERAT အဖွဲ့တို့သည် ဒုက္ခသည်စခန်း အမှတ်(၄)၏ရှေ့တန်းစခန်းရုံးသို့ ဆက်လက်ထွက်ခွာခဲ့ပြီး ကော့စ်ဘဇားအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ ဖြစ်ကြသည့် UNHCR၊ WHO၊ World Food Programme၊ IOM၊ UNDPနှင့် ICRC တို့မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး ခရီးစဉ်လာရောက်ရခြင်း၏အကြောင်းရင်း၊ မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အစီအမံများနှင့် မြန်မာနိုင်ငံအစိုးရနှင့်UNDP ၊ UNHCR တို့အကြား လက်မှတ်ရေးထိုးထားသော MoUအရ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Quick Impact Projects အစီအမံများကို အသိပေးပြောကြားခဲ့သည်။

အသိုက်အဝန်းများအကြားသဟဇာတရှိစေရေး

အမြဲတမ်းအတွင်းဝန်နှင့် ASEAN-ERATအဖွဲ့ဝင်များက ၎င်းတို့ဘက်မှမေးမြန်းချက်များဖြစ်သည့် နိုင်ငံသား ဖြစ်မှု၊ ဒုက္ခသည်စခန်းများအားအမျိုးသားလုပ်ငန်းစဉ်တစ်ရပ် ရေးဆွဲလျက် စနစ်တကျ ပိတ်သိမ်းဆောင်ရွက်သွားမည့် အစီအမံများ၊ ပညာရေး၊ကျန်းမာရေးနှင့် အသိုက်အဝန်းများအကြား သဟဇာတရှိစေရေး ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ASEAN-ERAT အဖွဲ့တို့သည် ဟိန္ဒူဘာသာဝင် ကိုယ်စားလှယ ၁၀ ဦးနှင့် ခရစ်ယာန်ဘာသာဝင်ကိုယ်စားလှယ် လေးဦးတို့အား တွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံရာတွင် အမြဲတမ်းအတွင်းဝန်က ၎င်းတို့နေရပ်သို့ဆောလျင်စွာ ပြန်နိုင်ရေးအတွက်ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ရခိုင်ပြည်နယ်အစိုးရ၊ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးအောင်နှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်းမှ အမှုဆောင်အဖွဲ့ဝင် ဦးရာဂူး

နေမြင့်တို့ကလည်း ပြန်လည်နေရာချထားရေးအစီအမံများကို အသိပေးပြောကြားခဲ့သည်။ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင်မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ASEAN-ERATအဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန Meghnaဧည့်ရိပ်သာ၌ ယာယီနိုင်ငံခြားရေးအတွင်းဝန် Mr.Kamrul Ahsan နှင့်တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင်ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနအာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမြဲတမ်းအတွင်းဝန် Mr.Mahbub Uz Zaman ၊ တောင်အာရှဆိုင်ရာ òန်ကြားရေးမှူးချုပ် Mr. Md. Delwar Hossain နှင့် မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Mr.Manjurul Karim Khan Chowdhury နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများလည်းတက်ရောက်ခဲ့သည်။

ပြန်လည်လက်ခံရေး အသင့်ရှိနေ

ထိုသို့တွေ့ဆုံစဉ် အမြဲတမ်းအတွင်းဝန်က ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်း အမှတ်(၄)ရုံးနှင့် ယင်း၏ရှေ့တန်းစခန်းရုံးတို့တွင် ဇူလိုင် ၂၇ ရက်နှင့် ၂၈ရက်တို့၌ နေရပ်စွန့်ခွာသွားသူ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂလက်အောက်ခ ံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ဟိန္ဒူနှင့် ခရစ်ယာန် ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးခဲ့မှုတို့ကို အသိပေးပြောကြားခဲ့သည်။ ထို့ပြင် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး ဆောင်ရွက်ရာတွင် နှစ်နိုင်ငံသဘောတူညီထားသည့် Arrangement နှင့်အညီဆောင်ရွက်သွားရေး၊ မြန်မာဘက်မှပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပြန်လည်လက်ခံရေးအတွက်အသင့်ရှိနေမှုတို့ကို ထပ်လောင်းအသိပေးခဲ့သည်။

ထို့ပြင် AHA Centre မှ Deputy Executive Director Mr.Arnel Capili နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းဌာနကြီးမှ ညွှန်ကြားရေးမှူး Mr. Ky-Anh Nguyen တို့က ASEAN -ERAT အဖွဲ့၏ လုပ်ပိုင်ခွင့်(mandate) နှင့် လုပ်ထုံးလုပ်နည်း(TOR) တို့ကို လည်းကောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ASEAN -ERAT အဖွဲ့မှ ၂၀၁၉ ခုနှစ် မတ်လကဆောင်ရွက်ခဲ့သည့် ကနဦးဆန်းစစ်လေ့လာရေး ကွင်းဆင်းဆောင်ရွက်မှုနှင့်အလုံးစုံပါဝင်သည့် ကွင်းဆင်းဆောင်ရွက်မှု ပြုလုပ်သွားမည့် အစီအစဉ်များနှင့်အာဆီယံမှ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများကို အသိပေးပြောကြားခဲ့သည်။

စိစစ်ရေးပုံစံများ လွှဲပြောင်းပေးအပ်

တွေ့ဆုံမှုအပြီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ယာယီနိုင်ငံခြားရေး အတွင်းဝန်က နေရပ်စွန့်ခွာသွားသူ၂၅၀၄၇ ဦးတို့၏ ဖြည့်စွက်ပြီးစိစစ်ရေးပုံစံများကို မြန်မာဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့မှစိစစ်ရေးပုံစံများကို စနစ်တကျနှင့်ထိရောက်စွာ စိစစ်နိုင်ရေးအတွက်လိုအပ်နေသည့် ရောင်စုံဓာတ်ပုံများကိုဆောလျင်စွာ ပံ့ပိုးပေးရန် အသိပေးပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က လက်မှတ်ရေးထိုးခဲ့သည့် Arrangement နှင့်အညီ နေရပ် စွန့်ခွာသွားသူများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှစတင်လက်ခံနိုင်ရန် မြန်မာဘက်မှ လိုအပ်သည့် ပြင်ဆင် ဆောင်ရွက်မှုများကို စီစဉ်ဆောင်ရွက်ထားခဲ့ပြီးဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်သော အဖွဲ့ဝင်ကိုးဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့သည်မြန်မာနိုင်ငံသို့ ဇူလိုင် ၃၀ရက်တွင်ပြန်လည်ရောက်ရှိခဲ့သည်။