AA အဖွဲ့ဟု ယူဆရသည့် မသင်္ကာသူရှစ်ဦးအား ဖမ်းဆီးရမိ၊ သင်းကျစ်တောင် ဘုန်းတော်ကြီး ကျောင်း၌ သိုဝှက်ထားသည့် လက်နက်၊ ခဲယမ်းနှင့် WFP တံဆိပ်ပါ ထောက်ပံ့ရေး ရိက္ခာ ပစ္စည်းများ သိမ်းဆည်းရမိ

Printer-friendly versionSend by email

AA အဖွဲ့ဟု ယူဆရသည့် မသင်္ကာသူရှစ်ဦးအား ဖမ်းဆီးရမိ၊ သင်းကျစ်တောင် ဘုန်းတော်ကြီး ကျောင်း၌ သိုဝှက်ထားသည့် လက်နက်၊ ခဲယမ်းနှင့် WFP တံဆိပ်ပါ ထောက်ပံ့ရေး ရိက္ခာ ပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော် ဇွန် ၂၂

မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် ဇွန် ၂၀ ရက် မွန်းလွဲပိုင်းတွင် မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာအနီးတစ်ဝိုက်၌ AA အဖွဲ့ဟုယူဆရသည့် မကျားဆည်ကျေးရွာသား တစ်ဦး၊ ပေါက်တောပြင်ကျေးရွာသား လေးဦး၊ ဗူးရွက်မညှိုးကျေးရွာသား တစ်ဦး၊ အုတ်ဖိုကန်ကျေးရွာသား တစ်ဦးနှင့် ဒုံးသိမ်ကျေးရွာသား တစ်ဦး စုစုပေါင်း မသင်္ကာဖွယ်အမျိုးသားရှစ်ဦးအား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဇွန် ၂၁ ရက်တွင် ပေါက်တောပြင်ကျေးရွာ၏ အရှေ့ဘက် သင်းကျစ်တောင် ဘုရားကုန်းပေါ်ရှိ သင်းကျစ်တောင်ဘုန်းတော်ကြီးကျောင်းသို့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ ရပ်ဖများနှင့် ပူးပေါင်း၍ သတင်းအရ သွားရောက်ရှာဖွေခဲ့ရာ ဘုန်းတော်ကြီးကျောင်းနှင့် မသက်ဆိုင်သည့် လုပ်သေနတ်၊ ခဲယမ်း၊ မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ၊ ယူနီဖောင်း၊ စစ်အသုံးအဆောင် ပစ္စည်းများ၊ WFP တံဆိပ်ပါ ထောက်ပံ့ရေးရိက္ခာပစ္စည်းများ၊ အခြား စားသောက်ကုန်ပစ္စည်းများနှင့် ဆေးပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။