ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

Printer-friendly versionSend by email

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ဇွန် ၁၈

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

တက်ရောက်

အစည်းအဝေးသို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ အဖွဲ့ဝင်များဖြစ်ကြသော ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ငြိမ်း)ဦးညီလှငယ်၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်အောင်နိုင်သူတို့ တက်ရောက်ကြသည်။

အကြံပြု အကြောင်းအရာ ကြားနာရန်

အစည်းအဝေးတွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ယနေ့ တွေ့ဆုံမှုသည် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခ၊ အထူးသဖြင့် မြန်မာနိုင်ငံပြည်တွင်းစစ်နှင့်ပတ်သက်၍ အတွေ့အကြုံရှိသည့်ပုဂ္ဂိုလ်များ၏ ဆွေးနွေးတင်ပြအကြံပြုမည့်အကြောင်းအရာများကို မိမိတို့ကော်မတီအနေဖြင့် ကြားနာရန်ဖြစ်ပါကြောင်း။

အပြီးသတ်အစီရင်ခံစာတွင် ဖော်ပြမည်

မိမိတို့ကော်မတီသည် မြန်မာနိုင်ငံ၏ပြည်တွင်းစစ်နှင့် ပတ်သက်၍သော်လည်းကောင်း၊ ရခိုင်ပြည်နယ် လက်နက်ကိုင်ပဋိပက္ခနှင့် ပတ်သက်၍သော်လည်းကောင်း အပြီးသတ်အစီရင်ခံစာရေးသားသည့် အခါတွင် ရေတို၊ ရေရှည်ကာလများတွင် လုပ်သင့်လုပ်ထိုက်သည့် အချက်အလက်များကို အတွေ့အကြုံရှိသည့်ပုဂ္ဂိုလ်များ၏ အကြံပြုသည့်အပေါ်တွင်ရယူ၍ အပြီးသတ် အစီရင်ခံစာတွင် ထည့်သွင်းရေးသား ဖော်ပြသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့တွေ့ဆုံပွဲတွင် ဆွေးနွေး အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးစေလိုကြောင်း ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသည့် သက်ဆိုင်ရာနယ်ပယ်ကဏ္ဍအသီးသီးမှ ပညာရှင်များဖြစ်ကြသည့် မြန်မာလေ့လာရေးအဖွဲ့အကြီးတန်းသုတေသနမှူး ဦးအေးမောင်ကျော်၊ စာရေးဆရာ ဦးသန်းစိုးနိုင်၊ စာရေးဆရာ ဦးကျော်ဝင်း၊ ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC -U)ရုံး၏ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးတို့က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ၊အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေများ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်စပ်လျဉ်း၍ ရေတို ၊ ရေရှည် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို အကြံပြု ဆွေးနွေးကြပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့နှင့်ကော်မတီဝင်များက လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများနှင့်စပ်လျဉ်း၍ ပြန်လည် ဆွေးနွေးကြသည်။

အကြံပြုချက်ကောင်းများ ရရှိခဲ့

ယင်းနောက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ပြောစရာ ၊ ဆွေးနွေးစရာ၊ အကြံပြုစရာများ များစွာရှိမည်ကို သိရှိပါကြောင်း၊ ယခုကဲ့သို့ အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များ၏ ဆွေးနွေးချက်များသည် မိမိတို့ကော်မတီအတွက် များစွာအကျိုးရှိပြီးအထောက်အကူပြုပါကြောင်း၊ ဆွေးနွေးအကြံပြုချက်ကောင်းများ ရရှိခဲ့ပါကြောင်း ပြောကြားသည်။