မြေပုံမြို့နယ် ရန်ကုန်-စစ်တွေသွားကားလမ်း၌ AA အဖွဲ့ထောင်ထားသည့် မိုင်းခုနစ်လုံး ပေါက်ကွဲမှုဖြစ်ပွား

Printer-friendly versionSend by email

မြေပုံမြို့နယ် ရန်ကုန်-စစ်တွေသွားကားလမ်း၌ AA အဖွဲ့ထောင်ထားသည့် မိုင်းခုနစ်လုံး ပေါက်ကွဲမှုဖြစ်ပွား

နေပြည်တော် ဇွန် ၄

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ရန်ကုန်စစ်တွေသွားကားလမ်း မိုင်တိုင်အမှတ် (၆၉/၄) ကျားခြံတောင်တံတားအနီးနှင့် မိုင်တိုင်အမှတ်(၆၂/၃)နှင့် (၆၂/၄)တို့အကြား ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက AA အဖွဲ့ထောင်ထားသည့် မိုင်းခုနစ်လုံးပေါက်ကွဲခဲ့ရာ တံတားနှင့် ကားလမ်းအနည်းငယ် ပျက်စီးခဲ့ပြီး ကျန်ထိခိုက်မှုမရှိကြောင်း သိရသည်။

မြေပုံမြို့နယ် ဂြန့်ဟင်းခါးရွာနှင့် ကိုင်းကြီးရွာအကြား ရန်ကုန်-စစ်တွေသွားကားလမ်း မိုင်တိုင်အမှတ်(၆၉/၄) ကျားခြံတောင်တံတားအနီး၌ ယနေ့နံနက် ၈ နာရီခန့်က ကားလမ်း၏ ဝဲ/ယာတွင် AA အဖွဲ့ ထောင်ထားသည့် မိုင်းနှစ်လုံး ပေါက်ကွဲခဲ့ရာ တံတားနှင့် ကားလမ်း အနည်းငယ်ပျက်စီးခဲ့ပြီး (ယာပုံ) လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း။

အလားတူ မွန်းတည့် ၁၂ နာရီခန့်တွင် မြေပုံမြို့နယ် မီးကျောင်းတက်ကျေးရွာနှင့် တောင်ချေကျေးရွာအကြား ရန်ကုန်-စစ်တွေသွားကားလမ်း မိုင်တိုင်အမှတ်(၆၂/၃)နှင့် (၆၂/၄)ကြား၌ ကားလမ်း၏ ဝဲ/ယာတွင် AA အဖွဲ့ထောင်ထားသည့် မိုင်းငါးလုံး ထပ်မံ၍ ပေါက်ကွဲခဲ့ပြီး တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

AA အဖွဲ့အနေဖြင့် အများပြည်သူအသုံးပြုနေသော အဓိကဆက်သွယ်သည့် လမ်းမကြီးပေါ်တွင် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခြင်းသည် အများပြည်သူများ အထိတ်တလန့်ဖြစ်စေရန်နှင့် ဒုက္ခရောက်စေရန် အဖျက်အမှောင့်လုပ်ငန်းများ ကျူးလွန်လျက်ရှိမှုအပေါ် ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။