နတ်မြစ်အတွင်း မြန်မာနိုင်ငံဘက်ခြမ်းတွင် ငါးခိုးဖမ်းသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးရမိ

Printer-friendly versionSend by email

နတ်မြစ်အတွင်း မြန်မာနိုင်ငံဘက်ခြမ်းတွင် ငါးခိုးဖမ်းသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးရမိ

မောင်တော ဇွန် ၂

မောင်တောမြို့ ၌ ဇွန် ၁ ရက် ည ၉ နာရီ ၁၅ မိနစ်က ဓည၀တီရေတပ်စခန်းဌာနချုပ် အကူရေယာဉ်အုပ်(မောင်တော)မှ ဗိုလ်ကြီး ရဲထက်အောင်၊ ငါးမန်းရေယာဉ်ဖြင့် ဒုတပ်ကြပ် ငြိမ်းထွန်းတို့ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် မောင်နီရွာအနီး နတ်မြစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှ မြန်မာနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက်လာသည့် လှေတစ်စင်းအား ရေဒါတွင် တွေ့ရှိရသဖြင့် မီးအချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့သည်။ အဆိုပါလှေအား မန်ကျည်းချောင်း၀အနီးတွင် စက်တပ်ငါးဖမ်းလှေ(အလျား ၂၄ ပေ၊ အနံ ခုနစ်ပေ၊ ရေစူး သုံးပေခန့်၊ ဂီယာဘောက်တွဲလျက်၊ သစ်သားကိုယ်ထည်)တစ်စင်း၊ Symphony တံဆိပ် နှင့် Winster တံဆိပ်ပါ လက်ကိုင်ဖုန်း(ဆင်းကတ်ပါ)နှစ်လုံး၊ ဘင်္ဂလားတာကာငွေ ၇၅ တာကာတို့အား အမျိုးသားနှစ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူနှစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်မြို့ ဆားပြင်မြောက်ရွာနေသူ အေနာယက်တူလာ(ဘ)လာများ(၂၂ နှစ်)နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်မြို့ ဆားပြင်ကျေးရွာအုပ်စု မိစ်တရီရွာနေသူ အာယာစ်(ဘ)အဒူရူ့ (၁၈ နှစ်) တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးကို စစ်ဆေးချက်အရ မြန်မာနိုင်ငံရေပိုင်နက်အတွင်း ငါးခိုးဖမ်းရန်အတွက် ဘင်္ဂလားဒေ့ရှ် တက္ကနက်မြို့နယ် ရှင်ဖြူမကျွန်း မြောက်ရွာမှ ထွက်ခွာလာပြီး မြန်မာနိုင်ငံ ရေပိုင်နက်အတွင်း ပိုက်ချငါးခိုးဖမ်းနေစဉ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့နှစ်ဦးအား သက်ဆိုင်ရာနယ်မြေရဲစခန်းအား လွှဲပြောင်းအပ်နှံရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။