အမ်းနှင့် ဟိုပုံးမြို့နယ်တို့၌ မီးလောင်မှုဖြစ်၍ တစ်ဦးသေဆုံး

Printer-friendly versionSend by email

အမ်းနှင့် ဟိုပုံးမြို့နယ်တို့၌ မီးလောင်မှုဖြစ်၍ တစ်ဦးသေဆုံး

နေပြည်တော် ဇွန် ၂

ရခိုင်ပြည်နယ် အမ်းမြို့နယ် အောက်ရွာကျေးရွာနေ ဒေါ်အေးတင်ဝင်း(၄၈ နှစ်)၏ နေအိမ်မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် ဇွန် ၁ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်က မီးလောင်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပြီး သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့သဖြင့် ဒေါ်အေးတင်ဝင်းအား အမ်းမြို့မရဲစခန်းက အရေးယူထားကြောင်း သိရသည်။

ထို့အတူ ယင်းနေ့ မွန်းတည့် ၁၂ နာရီ ၅ မိနစ်က ရှမ်းပြည်နယ် ဟိုပုံးမြို့နယ် နားလုံကျေးရွာ၌ အမျိုးသမီးငယ်တစ်ဦး မီးလောင်၍ သေဆုံးသွားကြောင်းသတင်းအရ ဟိုပုံးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

ဖြစ်စဉ်မှာ မေ ၃၁ ရက် ည ၁၀ နာရီခွဲက အဆိုပါကျေးရွာနေ မနန်းခမ်းပျှဉ်း (၁၅ နှစ်)သည် အိပ်ခန်းအတွင်း၌ ဆိုလာပြားနှင့် ချိတ်ဆက်ထားသည့် ဘက်ထရီအိုးဖြင့် ဖုန်းအားသွင်းနေစဉ် အပူလွန်ကဲ၍ ဖုန်းပေါက်ကွဲပြီး အိပ်ယာခင်းအား မီးစွဲလောင်ခဲ့ကြောင်း၊ ဖုန်းပေါက်ကွဲမှုကြောင့် ၎င်း၏ ခန္ဓာကိုယ်အောက်ပိုင်းအား ထိခိုက်ပြီး သတိလစ်နေစဉ် အိပ်ရာခင်းမှတစ်ဆင့် ခန္ဓာကိုယ်အား မီးစွဲလောင်ကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသဖြင့် ဟိုပုံးမြို့မရဲစခန်းက အရေးယူထားကြောင်း သိရသည်။