မောင်တောမြို့နယ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးနှင့် အမျိုးသား သုံးဦးကို ရွှေထည်ပစ္စည်းများနှင့်အတူမိ

Printer-friendly versionSend by email

မောင်တောမြို့နယ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးနှင့် အမျိုးသား သုံးဦးကို ရွှေထည်ပစ္စည်းများနှင့်အတူမိ

နေပြည်တော် ဇွန် ၁

မောင်တောမြို့နယ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးနှင့် အမျိုးသားသုံးဦးတို့ကို ယမန်နေ့ မွန်းလွဲပိုင်းက ရွှေထည်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နတ်မြစ်အတွင်း၌ တရားမဝင် အကောက်ခွန်မဲ့ပစ္စည်းများ သယ်ယူပို့ဆောင်နေကြောင်း သတင်းအရ အမှတ်(၄) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ခွဲ၊ အောင်ဗလ ချောင်း၀ရဲကင်းစခန်းမှ ဒုရဲအုပ် အောင်ဖြိုးနှင့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ မောင်တောမြို့နယ် နယ်မြေ(၆) နတ်မြစ်အတွင်း အောင်ဗလချောင်း၀အနီးကမ်းစပ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလံပါ စက်လှေတစ်စင်းသည် ဝါးဖောင်တစ်ခုကို မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ တွန်းယူနေသည်ကို တွေ့ရှိသဖြင့် အောင်ဗလချောင်း၀ရဲကင်းစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့သည်။

စက်လှေပေါ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘာလူခါလီ ဒုက္ခသည်စခန်းနေ ဆော်ဒူလာမိန် (ယခင်မောင်တောမြို့နယ်၊ အောင်စစ်ပြင်ကျေးရွာအုပ်စု၊ ဘူဘာကျေးရွာနေသူ)အပါအဝင် အမျိုးသား သုံးဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာဖ်မြို့ ၊ ဇိုက်လား ကျေးရွာ နေ နိုရ်အာလောင်ပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးတို့ကို ရွှေဆွဲကြိုး ကိုးကုံး၊ ဟန်းချိန်း တစ်ကွင်း၊ ဘယက် တစ်ကုံး၊ ဆံညှပ်တစ်ခု၊ လက်ကောက် ကိုးကွင်း၊ ဆွဲပြား ၁၀ ပြား၊ လက်စွပ် ၁၂ ကွင်း၊ နားကွင်း လေးကွင်း၊ နားကပ်တစ်ရံ၊ နားသီး ၁၀ ရံ၊ နားဆွဲ ၁၀ ရံ၊ စုစုပေါင်း ရွှေထည်ပစ္စည်းမျိုးစုံ ၂၄ ကျပ်သား ၁၂ ပဲ(တန်ဖိုး-စိစစ်ဆဲ) နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်မေးရာ မောင်တောမြို့နယ် မြို့မကညင်တန်းရပ်နေ အဏ္ဏာဝါဟူဆိမ်းမှ ရွှေထည်ပစ္စည်းများအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်ပို့ဆောင်ရန် သိုဝှက်သယ်ဆောင်၍ အမှတ်(၁) ဝင်/ထွက် စစ်ဆေးရေးဂိတ်မှ တရားဝင်ထွက်ခွာခဲ့ပြီး စက်လှေ တစ်စင်းဖြင့် နတ်မြစ်အတွင်း လာရောက်ကာ ၎င်းတို့ထံသို့ ရွှေထည်ပစ္စည်းများအား လွှဲပြောင်းပေးအပ်၍ တိမ်းရှောင်သွားကြောင်း သိရသဖြင့် ဆော်ဒူလာမိန်ပါ ငါးဦးနှင့် အဏ္ဏာဝါဟူဆိမ်းတို့ကို ပြင်ဖြူနယ်မြေရဲစခန်းက (ပ)၁၈/၂၀၁၉၊ပို့ကုန်/ သွင်းကုန် ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။