မောင်တောမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၅၀၀၀ သိမ်းဆည်းရမိ

Printer-friendly versionSend by email

မောင်တောမြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၅၀၀၀ သိမ်းဆည်းရမိ

နေပြည်တော် မေ ၃၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀၀နှင့် ညနေ ၆ နာရီခွဲတွင် စိတ်ကြွရူးသွပ် ဆေးပြား ၄၇၅၀၀၊ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၄၅၀၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မောင်တောခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ မေ ၃၀ ရက် မွန်းလွဲ ၁၂ နာရီခွဲက မောင်တောမြို့နယ် ဂုံးနားကျေးရွာနေ မစီနာရ်(၃၄နှစ်)၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀၀ သိမ်းဆည်းရမိခဲ့သည်။

၎င်းအား စစ်မေးရာ မူးယစ်ဆေးဝါးများအား မောင်တောမြို့နယ် လက်သာအောက်ကျေးရွာနေ အမျိုးသားတစ်ဦး (စိစစ်ဆဲ)က လာရောက်အပ်နှံထားခြင်းဖြစ်ကြောင်း ထွက်ဆိုသဖြင့် မစီနာရ်ကို မောင်တောမြို့မရဲစခန်း မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အလားတူ အမှတ် (၄) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ ခွဲ၊ လှဘော်ဇာရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယင်းနေ့ ညနေ ၆ နာရီခွဲတွင် မောင်တောမြို့နယ် မောင်တော - လှဖိုးခေါင် ကားလမ်း လှဘော်ဇာ ရဲကင်းစခန်းရှေ့ ၌ မောင်တောမြို့နယ် (၂) ရပ်ကွက်နေ နူရ်မာမက် မောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရန် တားဆီးစဉ် မောင်းနှင်ထွက်ပြေးသွား၍ လိုက်လံဖမ်းဆီးရာ ကျွဲတားပြင်ကျေးရွာပျက်အနီး ပုစွန်ကန်ဘေး၌ စိတ်ကြွရူးသွပ်ဆေးပြား ၄၇၅၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် နူရ်မာမက်ကို ပြင်ဖြူနယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။