ဘူးသီးတောင်မြို့နယ်၌ AA အဖွဲ့ဝင်လေးဦးက သေနတ်ဖြင့်ပစ်၊ ဓားဖြင့်ထိုးသောကြောင့် ရခိုင်အမျိုးသားတစ်ဦး သေဆုံး

Printer-friendly versionSend by email

ဘူးသီးတောင်မြို့နယ်၌ AA အဖွဲ့ဝင်လေးဦးက သေနတ်ဖြင့်ပစ်၊ ဓားဖြင့်ထိုးသောကြောင့် ရခိုင်အမျိုးသားတစ်ဦး သေဆုံး

နေပြည်တော် မေ ၂၁

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ကျေးရွာ၌ AA အဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်၊ ဓားဖြင့်ထိုးသောကြောင့် ရခိုင်အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ကျေးရွာနေ စိုးဝင်းနိုင် (၃၈နှစ်)သည် မေ ၂၀ ရက် ည ၇ နာရီခန့်တွင် နေအိမ်၌ရှိနေစဉ် AA အဖွဲ့ဝင် လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာကာ ၎င်းတို့အား စက်လှေဖြင့် ဘူးသီးတောင်မြို့သို့ ပို့ဆောင်ပေးရန် ပြောကြားကြောင်း၊ စိုးဝင်းနိုင်က မိုးချုပ်နေသောကြောင့် ပို့ဆောင်မပေးနိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့ရာမှ စကားများပြီး AA အဖွဲ့ဝင်များက သေနတ်ဖြင့် တစ်ချက်ပစ်ခတ်၍ ဓားဖြင့် ဝိုင်းဝန်းထိုးသောကြောင့် စိုးဝင်းနိုင်တွင် ဝဲ/ယာ ရင်ဘတ် ထိုးသွင်းဒဏ်ရာ များရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း၊ AA အဖွဲ့ဝင်များက ဆိုင်ကယ်များဖြင့် ဘူးသီးတောင်-ရသေ့တောင် ကားလမ်းအတိုင်း ဖုံညိုလိပ်ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကြာညိုပြင်ကျေးရွာအား ရှင်းလင်းနယ်မြေစိုးမိုးခဲ့ပြီး ဝန်းကျင်နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် စိုးဝင်းနိုင် သေဆုံးမှုအား အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။