ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး နှင့်အဖွဲ့ မောင်တော၊ ဘူးသီးတောင်ဒေသမှ ကျေးရွာများသို့ မြေပြင်ကွင်းဆင်းလေ့လာ

Printer-friendly versionSend by email

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး နှင့်အဖွဲ့ မောင်တော၊ ဘူးသီးတောင်ဒေသမှ ကျေးရွာများသို့ မြေပြင်ကွင်းဆင်းလေ့လာ

မောင်တော မေ ၂၁

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Fillippo Grandi နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ် ရွာမကျေးရွာ၊ ရွာမဂုံးနားကျေးရွာသို့ သွားရောက်၍ ကျေးရွာအတွင်း လှည့်လည်ကြည့်ရှုလေ့လာသည်။

ယင်းနောက် ဒေသခံပြည်သူများအားတွေ့ဆုံပြီး လိုအပ်ချက်များ မေးမြန်း၍ ရွာမဂုံးနားကျေးရွာရှိ သောက်သုံးရေကန် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုသည်။ ဆက်လက်၍ မဟာမင်းကြီးနှင့်အဖွဲ့သည် ဘူးသီးတောင်မြို့ အမှတ်( ၅ ) ရပ်ကွက် ရန်အောင်မြင် ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး တိုက်ပွဲရှောင်ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

ယင်းသို့ တွေ့ဆုံရာတွင် မဟာမင်းကြီးက မိမိသည် လူသားချင်းစာနာမှုကိစ္စများကို ကိုယ်စားပြုဆောင်ရွက်နေသူဖြစ်ကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့် အစိုးရနှင့်ပူးပေါင်းပြီး လိုအပ်သည့်ဒေသများတွင် ကူညီထောက်ပံ့ပေးရန် အသင့်ရှိကြောင်း ပြောကြားသည်။

ထို့နောက် မဟာမင်းကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ် ဖားဝပ်ချောင်းကျေးရွာသို့ရောက်ရှိကာ အမက(မူလွန်) ကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ သိရှိလိုသည်များ မေးမြန်းပြီး ကျေးရွာအတွင်း လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ မဟာမင်းကြီးနှင့်အဖွဲ့သည် ပန်းတောပြင် (အလယ်)ရွာ အစ္စလာမ်ဘာသာဝင်များနှင့်တွေ့ဆုံပြီး လိုအပ်သည်များအား မေးမြန်းကာ မဟာမင်းကြီးနှင့် အဖွဲ့သည် ကျေးရွာစာသင်ကျောင်းပြုပြင်ရေးနှင့် ရေငန်တားတာ တည်ဆောက်လိုသည့်မြေနေရာအား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပန်းတောပြင်ရွာသစ်သို့သွားရောက်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းဆောက်လုပ်ပေးသည့် နေအိမ်သစ်များအား ကြည့်ရှုခဲ့သည်။