ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် မိုးမကျမီ ယာယီနေရာချထားပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

Printer-friendly versionSend by email

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် မိုးမကျမီ ယာယီနေရာချထားပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

စစ်တွေ မေ ၁၉

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများကို မိုးရာသီမတိုင်မီ လုံခြုံသောနေရာများတွင် ယာယီနေရာချထားပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရိပ်သာ အစည်းအဝေးခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစားပေးဆောင်ရွက်

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရက ပြည်သူများအတွက် သာတူညီမျှခံစားရရှိရေးမူနှင့် ပြုပြင်ပြောင်းလဲမှုများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ခြင်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ သာတူညီမျှ ခံစားရရှိရေး ဆောင်ရွက်ရာတွင် လိုအပ်ချက်များသောနေရာများကို ဦးစားပေးဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည်နယ်သည် လိုအပ်ချက်များသည့်အတွက် ဦးစားပေးအစီအစဉ်များဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စ ဆောင်ရွက်ရာတွင် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ်အတွက် အလေးထားသည့်အချက် နှစ်ချက် ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကော်မတီများ၊ အဖွဲ့အစည်းများနှင့် ပြည်သူများက ဝိုင်းဝန်းဆောင်ရွက်နေကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (Union Enterprise

for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD) ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများအားလုံးက ရခိုင်ပြည်နယ်အတွက် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း။

ပြည်သူများ၏ဒုက္ခများကို ဖြည့်ဆည်းပေး

မိမိတို့ဝန်ကြီးဌာနသည် ဘေးဒုက္ခရောက်နေသော ပြည်သူများအတွက် လိုအပ်ချက်များကို စီမံဆောင်ရွက်ရန် တာဝန်ယူရသည့် အစိုးရဌာနဖြစ်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မိမိတို့ နေအိမ်များကို စွန့်ခွာတိမ်းရှောင်နေရသော ပြည်သူများ၏ဒုက္ခများကို ဖြည့်ဆည်းပေးရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ လတ်တလောအခြေအနေတွင် (၄) ကြိမ်မြောက်ရှိပြီ ဖြစ်ပါကြောင်း၊ ပထမ(၃)ကြိမ်တွင် ဘေးဒဏ်ခံစားနေရသောပြည်သူများ လတ်တလောစားဝတ်နေရေးအဆင်ပြေစေရန် ဆန်ရိက္ခာ၊ အဝတ်အထည် အိမ်ထောင်စုသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ထို့အပြင် မိမိကိုယ်တိုင်မပါသော်လည်း ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီမှ တစ်ဆင့် (၂) ကြိမ် ထောက်ပံ့မှုများပြုလုပ်ခဲ့ပြီး စုစုပေါင်း ငွေကျပ်ကျပ်သိန်းပေါင်း ၉၂၇၉ ကျော်ရှိပြီဖြစ်ကြောင်း၊ ယခုတစ်ကြိမ် ရောက်ရှိခြင်းသည် တိုက်ပွဲရှောင်ပြည်သူများအတွက် မိုးမကျမီ ယာယီနေရာချထားပေးနိုင်ရေးကိစ္စဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ရေရှည်တွင် ရခိုင်ပြည်နယ်တစ်ခုလုံး ဖွံ့ ဖြိုးတိုးတက်ရေး၊ ရေရှည်ပဋိပက္ခ ကင်းဝေးရေး၊ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေသကဲ့သို့ လတ်တလော ရခိုင်ပြည်သူများ၏ ဘေးဒုက္ခများကို အမြန်ဆုံး မိုးမကျမီ အချိန်မီ ဒုက္ခများက ကင်းဝေးစေရေး ယာယီနေရာချထားရေးကို တာဝန်ယူဆောင်ရွက်မည်ဖြစ်ရာ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက နေရပ်စွန့်ခွာပြည်သူများအတွက်လိုအပ်ချက်များကို ပြည့်စုံအောင်ဆောင်ရွက်လျက်ရှိကြောင်း၊ မိုးရာသီမတိုင်မီ ယာယီနေထိုင်နိုင်ရေးအတွက် အဓိကဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာန အလိုက် တာဝန်ယူ တာဝန်ခံ၍ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက တိုက်ပွဲရှောင်ပြည်သူများ ယာယီခိုလှုံမှုအခြေအနေနှင့်ပတ်သက်၍ တင်ပြဆွေးနွေးပြီး ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဖြည့်စွက်ဆွေးနွေးသည်။

တိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံ

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့ အမျိုးသားကျောင်းတိုက်ရှိ ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များမှ တိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားသည်။