AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်နေသူများအား ဆက်လက်စစ်ဆေးဆောင်ရွက် ပတ်သက်ဆက်နွှယ်မှုမရှိသူ ၃၅ ဦးအား ပြန်လည်စေလွှတ်

Printer-friendly versionSend by email

AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်နေသူများအား ဆက်လက်စစ်ဆေးဆောင်ရွက်

ပတ်သက်ဆက်နွှယ်မှုမရှိသူ ၃၅ ဦးအား ပြန်လည်စေလွှတ်

နေပြည်တော် မေ ၈

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာစာသင်ကျောင်းတွင် AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်သူ မသင်္ကာဖွယ်အမျိုးသား ၂၇၅ ဦးအား တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ခေတ္တထိန်းသိမ်းထားရှိပြီး စစ်ဆေးမေးမြန်းလျက်ရှိရာမှ AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်မှုမရှိသူ ၁၂၆ ဦးအား မေ ၂ ရက်တွင်လည်းကောင်း၊ ၄၈ ဦးအား မေ ၆ ရက်တွင် လည်းကောင်း ပြန်လည်စေလွှတ်ပေးခဲ့ပြီး ယနေ့တွင် ၃၅ ဦးအား မသင်္ကာဖွယ်စာရင်းမှ ပယ်ဖျက်ပြီး ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

ခေတ္တထိန်းသိမ်းထားသူများမှ စစ်ဆေးမေးမြန်းရန် ကျန်ရှိသူ ၈၃ ဦးအား ဥပဒေနှင့်အညီ အသေးစိတ်ဆက်လက်စစ်ဆေး မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ရာ AA အဖွဲ့ဝင်ဟု ကိုယ်တိုင်ဝန်ခံခဲ့သည့် သိန်းအေးမောင်၊ စိုးဝင်းကျော်၊ မောင်မောင်လှိုင်၊ ညီညီဌေးတို့ လေးဦး၊ သံသယရှိသူနှစ်ဦး စုစုပေါင်း ခြောက်ဦးအား မေ ၈ ရက်တွင် စစ်တွေမြို့သို့ ပို့ဆောင်၍ တရားဥပဒေအရ အရေးယူနိုင်ရေး လိုအပ်သည်များ ဆောင်ရွက်လျက်ရှိကြောင်း။

ဆက်လက်စစ်ဆေးမေးမြန်းလျက်ရှိသည့် ၇၈ ဦးအနက် ၃၅ ဦးမှာ AA အဖွဲ့နှင့် ပတ်သက်ဆက်နွှယ်မှုမရှိကြောင်း ထပ်မံစိစစ်သိရှိရသဖြင့် ယနေ့တွင် မသင်္ကာဖွယ်ရာ စာရင်းမှ ပယ်ဖျက်ခဲ့ပြီး ကျေးရွာမှ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ရှေ့မှောက်၌ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်းနှင့် ကျန်ရှိသူ ၄၃ ဦးအား ဆက်လက် စစ်ဆေးမေးမြန်းလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။