မြောက်ဦးမြို့အနီးရှိ နယ်မြေခံတပ်ဌာနချုပ်သို့ AA အဖွဲ့က အလစ်အငိုက်တိုက်ခိုက်ရန် ဝင်ရောက်လာစဉ် လုံခြုံရေးကင်းအဖွဲ့များနှင့် ထိတွေ့မှုဖြစ်ပွား

Printer-friendly versionSend by email

မြောက်ဦးမြို့အနီးရှိ နယ်မြေခံတပ်ဌာနချုပ်သို့ AA အဖွဲ့က အလစ်အငိုက်တိုက်ခိုက်ရန် ဝင်ရောက်လာစဉ် လုံခြုံရေးကင်းအဖွဲ့များနှင့် ထိတွေ့မှုဖြစ်ပွား

နေပြည်တော် ဧပြီ ၂၀

မြောက်ဦးမြို့အနီးရှိ နယ်မြေခံတပ်ဌာနချုပ်အား ယနေ့နံနက် ၄ နာရီခန့်တွင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရန် တိတ်တဆိတ်ချဉ်းကပ်လာသည့် AA အဖွဲ့၏လှုပ်ရှားမှုကို လုံခြုံရေးကင်းအဖွဲ့များက တွေ့ရှိသောကြောင့် လက်ဦးမှုရယူပစ်ခတ်ခဲ့ရာ  AA အဖွဲ့သည် နောက်ကြောင်းသို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်

လုံခြုံရေးအဖွဲ့များသည် AA အဖွဲ့ ချဉ်းကပ်ရာ လမ်းကြောင်းတစ်လျှောက် မိုင်းရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ နံနက် ၆နာရီ ၄၅ မိနစ်ခန့်တွင်  AA အဖွဲ့မှ အလောင်းတစ်လောင်းအား လက်ပစ်ဗုံး တစ်လုံး၊ ပလတ်စတစ်ပိုက်ဖြင့် ပြုလုပ်ထားသော ဒေသန္တရလက်လုပ်မိုင်းတစ်လုံး၊ ခဲယမ်းဆက်စပ်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူလူထုများဖြင့် ပူးပေါင်း

AA အဖွဲ့သည် မြောက်ဦးမြို့နှင့် ပတ်ဝန်းကျင်တစ်ဝိုက်၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအား ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် မိုင်းထောင်၊ မိုင်းဆွဲခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မြို့၊ ရပ်ကွက်နှင့် ကျေးရွာများမှ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုများဖြင့် ပူးပေါင်း၍ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။