မောင်တော-အငူမော်ကားလမ်း၌ AA အဖွဲ့က မိုင်းထောင်၊ အများပြည်သူ အန္တရာယ်မဖြစ်စေရေးအတွက် တပ်မတော်သားများက ဖော်ထုတ်ဖောက်ခွဲရှင်းလင်း

Printer-friendly versionSend by email

မောင်တော-အငူမော်ကားလမ်း၌ AA အဖွဲ့က မိုင်းထောင်၊ အများပြည်သူ အန္တရာယ်မဖြစ်စေရေးအတွက် တပ်မတော်သားများက ဖော်ထုတ်ဖောက်ခွဲရှင်းလင်း

နေပြည်တော် ဧပြီ ၁၉

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ကားလမ်း၌ AA အဖွဲ့ထောင်ထားသည့် ရီမုမိုင်း လေးလုံးကို ဧပြီ ၁၈ ရက် မွန်းလွဲပိုင်းတွင် တပ်မတော်လုံခြုံရေးစစ်ကြောင်းများက ရှာဖွေဖော်ထုတ်တွေ့ရှိသဖြင့် အများပြည်သူအန္တရာယ်မဖြစ်စေရေးအတွက် ဖောက်ခွဲရှင်းလင်းခဲ့ကြောင်းသိရှိရသည်။

ဖောက်ခွဲဖျက်ဆီးရှင်းလင်း

ဖြစ်စဉ်မှာ တပ်မတော်လုံခြုံရေးစစ်ကြောင်းများက အငူမော်ကျေးရွာ အနီး ပတ်ဝန်းကျင်တစ်ဝိုက်၌ နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိစဉ် မွန်းလွဲ ၃ နာရီ မိနစ် ၄၀ ခန့်တွင် အငူမော်ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၅၀၀ ခန့်အကွာ မောင်တော-အငူမော် ကားလမ်းဘေး၌ AA အဖွဲ့ မိုင်းထောင်ထားသည်ကို တွေ့ရှိခဲ့ရပြီး ဖော်ထုတ်ရှင်းလင်း သက်မဲ့ပြုလုပ်ရန်ခက်ခဲသဖြင့် စနစ်တကျ ဖောက်ခွဲဖျက်ဆီး ရှင်းလင်းခဲ့သည်။

မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိ

AA အဖွဲ့သည် အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် ကားလမ်းများပေါ်တွင် ခရီးသွားပြည်သူများ ထိတ်လန့်အန္တရာယ်ဖြစ်စေရန်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အုပ်ချုပ်မှုယာဉ်များနှင့် လှုပ်ရှားမှုများကို မိုင်းခွဲတိုက်ခိုက်ရန်ရည်ရွယ်လျက် မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ယနေ့အချိန်အထိ ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီးအပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ ကားလမ်း များပေါ်တွင် မိုင်းထောင်ခဲ့သည့် အကြိမ် ၁၂ ကြိမ်ရှိပြီး မိုင်း ၃၉ လုံးအား တပ်မတော်လုံခြုံရေးစစ်ကြောင်းများက ဖော်ထုတ်ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ကြောင်း နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် မိုင်းအန္တရာယ်မရှိစေရေး လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။