ဆဋ္ဌမအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကျင်းပ

Printer-friendly versionSend by email

ဆဋ္ဌမအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၈

ဆဋ္ဌမအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် Royal ACE ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် မျိုးသန်းနှင့် ရဲတပ်ဖွဲ့များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Md Shafeenul Islam, ndc, psc နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု၊ အကြမ်းဖက်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများကို ထိရောက်စွာ တားဆီးနှိမ်နင်းရေး၊ နှစ်နိုင်ငံ၌ ပြစ်ဒဏ်ကျခံပြီး၍ ပြန်လည်လွတ်မြောက်လာသော နိုင်ငံသားများအား အပြန်အလှန် လွှဲပြောင်းပေးရေး၊ နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့်နှင့် ကွပ်ကဲရေးမှူးအဆင့်များတွင် အလံတင်အစည်းအဝေးများ ပုံမှန်ကျင်းပရေး၊ မောင်တော-တက္ကနာ့ဖ် နယ်စပ်ဆက်ဆံရေးရုံးတို့၏ ပထမအကြိမ် အစည်းအဝေးကျင်းပရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ သတင်းအချက်အလက်များ အချိန်နှင့် တစ်ပြေးညီဖလှယ်ရေး၊ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းတစ်လျှောက် နှစ်ဖက်ညှိနှိုင်းကင်းလှည့်မှုများ ဆက်လက်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေးအတွက် ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်များအကောင်အထည်ဖော် ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။