မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ဆက်သွယ်ထားသည့် ပလက်၀-မီဇိုရမ်နှစ်လမ်းသွား ကားလမ်းဖောက်လုပ်နေသော ဆုထူးစံကုမ္ပဏီမှ ဝန်ထမ်းများအား AA အဖွဲ့က ဖမ်းဆီး

Printer-friendly versionSend by email

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ဆက်သွယ်ထားသည့် ပလက်၀-မီဇိုရမ်နှစ်လမ်းသွား ကားလမ်းဖောက်လုပ်နေသော ဆုထူးစံကုမ္ပဏီမှ ဝန်ထမ်းများအား AA အဖွဲ့က ဖမ်းဆီး

နေပြည်တော် ဧပြီ ၂

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ဆက်သွယ်ထားသည့် ပလက်၀-မီဇိုရမ်နှစ်လမ်းသွားကားလမ်း ဖောက်လုပ်လျက်ရှိသည့် ဆုထူးစံကုမ္ပဏီမှ ဝန်ထမ်းရှစ်ဦးအား မတ် ၃၀ ရက်တွင် AA အဖွဲ့များက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အဆိုပါကုမ္ပဏီမှ ဝန်ထမ်းများသည် ပလက်၀မြို့နယ်၊ တွင်းကင်းအလောင်းကျေးရွာ၌ အခြေပြု၍ လမ်းလုပ်ငန်းဆောင်ရွက်လျက်ရှိစဉ် မတ် ၃၀ ရက်က AA အဖွဲ့ ၁၇၀ ခန့် ရောက်ရှိလာပြီး ဦးလှမျိုးအောင် အပါအဝင် ၁၃ဦးကို ဖမ်းဆီး ချုပ်နှောင်ထားကာ လမ်းဖောက်လုပ်နေမှုအား နှောင့်ယှက်ခဲ့ကြောင်း။

အဆိုပါ ဖမ်းဆီးခံရသူ ၁၃ ဦးအနက် ပလက်၀မြို့နယ်၊ ယီးလာ၀ကျေးရွာနေ ဦးဝေဖြိုးနှင့် ၎င်း၏ဇနီး ဒေါ်နုချေ၊ မော်လမြိုင်မြို့နေ ဦးဖိုးကျော်နှင့် ၎င်း၏ဇနီး ဒေါ်မိုးမိုးမြင့်နှင့် မော်လမြိုင်မြို့နေ ဦးဇော်ဝင်းကိုတို့ ငါးဦးမှာ ဧပြီ ၁ ရက် မွန်းလွဲ ၃ နာရီခန့် တွင် ပြန်လည်လွတ်မြောက်၍ ပလက်၀မြို့သို့ ရောက်ရှိလာခဲ့ကြောင်း၊ ၎င်းတို့အား မေးမြန်းချက်အရ မတ် ၃၀ ရက် မွန်းလွဲ ၃ နာရီခန့်တွင် AA အဖွဲ့များ ရောက်ရှိလာကာ ကုမ္ပဏီပိုင် ဟိုင်းလတ်အဖြူရောင် ကားတစ်စီး၊ မြေကော်စက်တစ်စီးနှင့် ဆိုင်ကယ်သုံးစီး တို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းတို့အား ဖမ်းဆီးချုပ်နှောင်ထားခဲ့ကြောင်း၊ ဧပြီ ၁ ရက်တွင် ၎င်းတို့ ငါးဦးအား ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန်ရှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါလမ်းပိုင်းပေါ်တွင် ပလက်၀တံတားစီမံကိန်းဆောင်ရွက်လျက်ရှိပြီး ၎င်းတံတားစီမံကိန်းအတွက် အသုံးပြုရန် လိုအပ်သောပစ္စည်းကိရိယာများ တင်ဆောင်လာသည့် သင်္ဘောအား မတ် ၁၆ ရက် နံနက်ပိုင်းတွင် AA အဖွဲ့က လက်နက်ငယ် များနှင့်ပစ်ခတ်၍ ရေယာဉ်ဝန်ထမ်းများအား ကမ်းပေါ်သို့ခေါ်ဆောင်ကာ ရေယာဉ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း။

အလားတူ ပလက်၀မြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ ကင်းတလင်းနှင့် ခမောင်း၀ကျေးရွာတို့မှ မူလတန်းကျောင်းသား၊ ကျောင်းသူ ၃၈ ဦး အပါအဝင် ရခိုင်တိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသား စုစုပေါင်း ၂၀၀ ခန့်အား AA အဖွဲ့က ဖေဖော်ဝါရီ ၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ အဓမ္မလူသစ်စုဆောင်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

AA အဖွဲ့များသည် ဒေသတည်ငြိမ်မှုပျက်ပြားစေရန် အရပ်ဘက်ပစ်မှတ်များအပေါ် ခြိမ်းခြောက်ကာ အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လက်နက်အားကိုးဖြင့် အဖျက်အမှောင့် အကြမ်းဖက်လုပ်ရပ်များ ကို လုပ်ဆောင်လျက်ရှိပြီး ဒေသခံပြည်သူလူထုကိုလည်း ခြိမ်းခြောက်အကျပ်ကိုင် အဓမ္မလူသစ်စုဆောင်းလျက်ရှိကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားရာ နေရာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများကနယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။