အပြစ်မဲ့ရွာသားတစ်ဦးအား AA အဖွဲ့က သတ်ဖြတ်

Printer-friendly versionSend by email

အပြစ်မဲ့ရွာသားတစ်ဦးအား AA အဖွဲ့က သတ်ဖြတ်

နေပြည်တော် မတ် ၂၉

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျားနင်းကန်ကျေးရွာ၌ AA အဖွဲ့က ရွာသားတစ်ဦးအား မတ် ၂၇ ရက် ညပိုင်းတွင် သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

သေဆုံးသူမှာ မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာနေ ဦးမောင်နီဦး (၃၃ နှစ်)ဖြစ်ပြီး မတ် ၂၆ ရက် ၎င်းနေထိုင်သည့် ကျေးရွာအနီး တိုက်ပွဲများကြောင့် ကျောက်တော်မြို့နယ် ကျားနင်းကန်ကျေးရွာနေ ယောက္ခမဖြစ်သူ ဦးမောင်သန်းကျော်(၆၀ နှစ်)၏ ခြံဝင်းအတွင်း သီးခြားအိမ်တစ်လုံးဖြင့် မိသားစုနှင့်အတူ ပြောင်းရွှေ့နေထိုင်လျက်ရှိစဉ် မတ် ၂၇ ရက် ည ၁၁ နာရီ ခန့်တွင် ဓားရှည်ကိုယ်စီကိုင်ဆောင်ထားသည့် ရခိုင်စကားပြော မျက်နှာဖုံးစွပ် AA အဖွဲ့မှ ခုနစ်ဦး ရောက်ရှိလာပြီး ဦးမောင်နီဦးအား အိမ်အပြင်သို့ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

မတ် ၂၈ ရက်တွင် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်သောင်းအေးတင်က လိုက်လံရှာဖွေခဲ့ရာ နံနက် ၈ နာရီခန့်တွင် ကျေးရွာအနီးလယ်ကွင်း၌ ဦးမောင်နီဦးမှာ ဓားဒဏ်ရာဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

အဆိုပါ သေဆုံးသူနေထိုင်ခဲ့သည့်မြောက်ဦးမြို့နယ် တောင်ဦးကျေးရွာသည် မတ် ၂၆ ရက်တွင် မြောက်ဦး-ကျောက်တော်လမ်း လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား AA အဖွဲ့မှ အင်အား ၁၅၀ ခန့်က နှစ်ကြိမ် ဝိုင်းပတ်တိုက်ခိုက်ခဲ့သည့် လင်းမြွေတောင်ဖြစ်စဉ်နေရာနှင့် မီတာ ၂၀၀၀ ခန့်သာ ကွာဝေးလျက်ရှိသည့် ကျေးရွာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။